နယ်စပ်လိုင်းကားများ ခရီးသည်လုသည့်ကိစ္စ မြန်မာနှင့်ထိုင်း ပူးပေါင်းဖြေရှင်း
DVB
·
January 26, 2012
ထိုင်း-မြန်မာနယ်စပ် မြ၀တီက မြန်မာခရီးသည်တင် ကားတွေဟာ မဲဆောက်မြို့ကို သွားလာတဲ့ မြန်မာခရီးသည်တွေကို မြို့ထဲထိ ကြိုပို့လုပ်နေတဲ့အတွက် မဲဆောက်မြို့ခံ ထိုင်းခရီးသည်တင် ကားတွေ ခရီးသည်ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။
[caption id="attachment_20420" align="alignright" width="300" caption="နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးနေစဉ်"][/caption]
ဒီကိစ္စကို ဖြေရှင်းပေးဖို့  မဲဆောက်မြို့ ခရီးသည်တင်ကား ပြေးဆွဲနေသူတွေ ကိုယ်စား တပ်ခရိုင် ကုန်သည်ကြီးများ အသင်းက ဇန်န၀ါရီ ၂၄ ရက်နေ့မှာ မြန်မာ အာဏာပိုင်တွေနဲ့ သွားရောက်ဆွေးနွေးညှိနှိုင်း ပေးခဲ့ရတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ မြန်မာဘက်က ခမရ ၃၁၀ တပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ဦးနဲ့ မြ၀တီမြို့ အုပ်ချုပ်ရေးမှူး ဦးဟန်မြင့်သိမ်းတို့ တက်ရောက်ပြီး ထိုင်းဘက်က လက်နက်ကြီးနဲ့ ခြေမြန် အထူးတပ်ရင်း ၄ တပ်ရင်းမှူးနဲ့ တပ်ခရိုင် ကုန်သည်ကြီးများအသင်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ထိုင်းဘက်က မြန်မာကားနဲ့ ထိုင်းကားတွေ ခရီးသည်လုနေကြရတဲ့ အနေအထားမျိုးကနေ ကင်းလွတ်အောင် တစုတစည်း ပုံစံမျိုး အချိန်ဇယားချပြီး အလှည့်ကျ ပြေးဆွဲကြဖို့ တင်ပြခဲ့တာကို မြန်မာဘက်က သဘောတူခဲ့ပါတယ်။
ထိုင်း-မြန်မာချစ်ကြည်ရေး တံတား ပြန်ဖွင့်ပြီး လိုင်းကားတွေ စတင် ပြေးဆွဲစက ထိုင်းခရီးသည်တင် ကား သမ၀ါယမအဖွဲ့နဲ့ မြန်မာခရီးသည်တင် ကားအဖွဲ့ တွေ ခုလို ခရီးသည် လုတာမျိုး မဖြစ်အောင် တွေ့ဆုံဆွေးနွေး သဘောတူညီချက် ချခဲ့ဖူးပါတယ်။
နောက်ပိုင်းမှာ မြန်မာကားတွေက တဖြည်းဖြည်းနဲ့ သဘောတူညီချက်တွေကို လျစ်လျူရှုခဲ့တဲ့ အတွက် ခုလို ပြဿနာ ထပ်မံ ပေါ်ပေါက်ခဲ့ရတာပါ။