Home
မြန်မာသတင်း
တပ်မတော်နှင့် တအာင်းတပ်ဖွဲ့ ၂ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွား
DVB
·
May 1, 2017
မြန်မာတပ်မတော်နဲ့ တအာင်းပလောင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေရာမှာ  ဧပြီ ၂၉ ရက်နဲ့ ၃၀ ရက် ၂ ရက်တာကာလ အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့  တအာင်းတပ်ဖွဲ့က သိရပါတယ်။ တိုက်ပွဲတွေဟာ ရှမ်းပြည်နယ် ၂ ကြိမ်၊ နမ္မတူမြို့နယ်၊ မန်တုံမြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်တို့တွင် တကြိမ်စီ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့ပြန်ကြားရေးမှူး တာအိုက်ကျော်က “မနေ့ရော တနေ့ကရော တော်တော်လေး တိုက်ပွဲပြန်ဖြစ်တယ်။ ဖြစ်တဲ့နေရာတွေက နမ့်ခမ်း၊ ကွက်ခိုင်၊ နမ္မတူတို့နေရာမှာ ဖြစ်တယ်။ တိုက်ပွဲမဖြစ်တာတော့ ကြာပြီ။ အခုပြန်ဖြစ်တာက တပ်မ ၈၈ တပ်မတခုလုံးက ၂၅ ရက်နေ့ကတည်းက ကျနော်တို့ လှုပ်ရှားတဲ့တောတွင်းထဲကို တက်လာတယ်။ ထိုးစစ်ဆင်လာတယ်။ တမြန်နေ့ကတော့ ၃ ပွဲဖြစ်တယ်။ မနေ့ကတော့ ၂ပွဲဖြစ်တယ်။ ထိခိုက်တာကတော့ မနေ့ကတော့ ကျနော်တို့ မရှိဘူး။ သူတို့ဘက်တော့ မသိဘူး။ တပြန်မနေ့ကတော့ သူတို့ဘက် ၆ ဦးကျတယ်လို့ ကျနော်အဖွဲ့ကနေ သတင်းပို့လာတယ်” လို့ ပြောပါတယ်။ ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာမှာ တဖွဲ့ချင်းဆွေးနွေးမှာမဟုတ်ဘဲ ပန်းဆန်း အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အတိုင်း ရပ်တည်သွားမယ်လို့ တာအိုက်ကျော်က ပြောပါတယ်။ “ပြီးခဲ့တဲ့ ပန်ဆန်းအစည်းအဝေးမှာတုန်းက ကျနော်တို့ အန်စီအေ လမ်းကြောင်းအတိုင်း မလိုက် တော့ဘဲ ဆွေးနွေးပွဲကို ရှာမယ်။ အဲတာကို ဝ ကနေ ဦးဆောင်မယ်။ ကျနော်တို့က အဲဒီ ပန်ဆန်း အစည်းအဝေးတိုင်းပဲ ရပ်တည်သွားမယ်။ သင်္ကြန်မတိုင်ခင်တုန်းကတော့ တွေ့ဖို့ စီစဉ်ထားတယ်။ အခု ပန်ဆန်းအစည်းအဝေးပြီးတော့ တဖွဲ့ချင်းမဟုတ်ဘဲ ၇ ဖွဲ့လုံးပါမှ တွေ့မယ်” လို့ပြောပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို မေ၂၄ ရက်မှာစကျင်းပမှာဖြစ်ပြီး အန်စီအေလက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို ဖိတ်ခေါ်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ခေါ်ယူကျင်းပကာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ သတင်း - နိုင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024