အမေရိကန်က စစ်စတင်ခဲ့ရင် မြောက်ကိုရီးယားစစ်သမီး ၅ သိန်း ရှေ့တန်းပို့ရန် အသင့်ပြင်ဟုဆို

1K
အမေရိကန်ဘက် စစ်စတင်ခဲ့ရင် စစ်သမီး ၅ သိန်းကို ရှေ့တန်းပို့ဆောင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အသင့်ပြင်ထားတယ်လို့ ဘက်ပြောင်းသူတွေရဲ့ ခန့်မှန်းချက်အရ သိရကြောင်း The Sun ရဲ့ ဧပြီလ ၂၈ ရက်နေ့သတင်းမှာ ရေးထားပါတယ်။
မြောက်ကိုရီးယားစစ်တပ်က ဒီအပတ်ထဲမှာ ၈၅ နှစ်မြောက် အခမ်းအနားအတွက် ကျင်းပခဲ့တဲ့ နိုင်ငံရဲ့ အကြီးဆုံးပစ်ခတ်မှု စစ်ရေးအခမ်းအနားမှာ စစ်သမီးတပ်တွေ ပါဝင်ဆင်နွှဲခဲ့ပြီး ကိုရီးယားပြည်သူ့စစ်တပ်မှာ စစ်သမီး ၅ သိန်းရှိနိုင်တယ် ကင်က ဒီတပ်တွေကို စစ်အတွက် အဆင့်သင့်ပြင်ထားဖို့ ညွှန်ကြားထားတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းထုတ်ပြန်မှုတွေအရ သိရပါတယ်။
အမျိုးသမီး သေနတ်ပစ်ပြိုင်ပွဲကိုလည်း မကြာခင်က ကင်ဂျုံအန်းဦးဆောင် ကျင်းပပေးခဲ့တယ်လို့ နိုင်ငံတော်ပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ ကိုရီးယားဗဟိုသတင်းဌာန (ကေစီအဲန်အေ) ကလည်း ဆိုထားပါတယ်။
“နိုင်ငံတော် စည်းလုံးမှုအတွက် စစ်ပွဲကြီး” ဆင်နွှဲဖို့ ပြိုင်ပွဲအတွင်းမှာ ကင်မ်က စစ်သမီးတွေရဲ့ လေ့ကျင်မှုကို အထူးတလည် အရေးစိုက်ခဲ့ကြောင်း၊ သေနတ်သမားတွေ အားလုံး ဘယ်အချိန် ဘယ်နေရာမှာမဆို တိုက်ခိုက်နိုင်ဖို့ ပြင်ဆင်နေကြောင်း ကေစီအန်အေသတင်းက ပြောခဲ့တာပါ။
“အမှန်တကယ်စစ်ပွဲနဲ့ စစ်သင်တန်းတွေက မဆီမဆိုင် ဖြစ်နေမယ်။ ဒါပေမယ့် ဒါတွေက မလိုအပ်ပါဘူး။ ဘယ်နှကြိမ်ပဲ လေ့ကျင့်ကျင့် ကိစ္စမရှိဘူး၊ ဒီစစ်သင်တန်းတွေကြောင့် စစ်သားတွေက တိုက်ပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်မယ်” လို့ ကင်မ်က ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားစစ်တပ်ထဲမှာ စစ်သမီးအရေအတွက် ဘယ်လောက်ရာခိုင်နှုန်း အတိအကျ ရှိတယ်ဆိုတာ မသိနိုင်ပေမယ့် အတည်မပြုနိုင်တဲ့ သတင်းအသေးစိတ်တွေ ထွက်ပေါ်လာတာပါ။
မြောက်ကိုရီးယားရဲ့ စစ်သမီးအရေအတွက်က ၁၀ ရာခိုင်နှုန်းထက် လျှော့နိုင်သလို ဘက်ပြောင်းလာသူတွေရဲ့ ခန့်မှန်းချက်ကတော့ ၄၀ ရာခိုင်နှုန်းထက်ပိုတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် တပ်သားအရေအတွက် ၁ ဒသမ ၂ သန်းရှိတဲ့ စစ်တပ်မှာ စစ်သမီး ၅ သိန်းလို့ ဆိုတာပါ။