လားရှိုးတွင် အမျိုးသမီးတဦး မိမိလည်ပင်းကိုလှီးပြီး မိလ္လာတွင်းထဲ ခုန်ကျသေဆုံး
DVB
·
April 30, 2017
ရှမ်းမြောက် လားရှိုးမြို့ ရက်ကွက် ၁၂ နယ်မြေ ၇ ထဲမှာ အသက် ၄၀ အရွယ်ရှိ ကင်ဆာရောဂါသည် အမျိုးသမီးတစ်ဦးဟာ ဒီနေ့မနက် ၃ နာရီလောက်က မိမိလည်ပင်းကို ဓားနဲ့လှီးပြီး မိလ္လာတွင်းထဲ ခုန်ချသေဆုံးသွားတယ်လို့ သိရပါတယ်။
အလောင်းကို မီးသတ်အဖွဲ့က မနက် ၅ နာရီမှာ သွားရောက်ဆယ်ယူပေးခဲ့ပါတယ်။ မီးသတ် တာဝန်ရှိသူတဦးက ပြောပါတယ်။
“သူက ဝေဒနာသည်တဦးဖြစ်တယ်။ ကင်ဆာ ဝေဒနာသည်။ သူ့မိသားစုကြားမှာ ပြဿနာတွေ ဘာတွေတော့ မရှိဘူး။ ဒါပေမယ့် သူတို့က မန္တလေးကနေ ဆေးကုပြီးပြန်လာတာ။ သူ့ရောဂါ ကင်ဆာမှန်းသိတော့ စိတ်ဓာတ်ကျပြီးတော့ ခုလို ကိုယ့်ကိုယ်ကိုယ် သတ်သေတာပဲ။” လို့ ပြောပါတယ်။
“သူ့ကို ကုဖို့အတွက် အိမ်ကပိုက်ဆံတွေ အများကြီးအကုန်ခံပြီးတော့ ရောဂါလည်းပျောက်မှာ မဟုတ်ဘူးဆိုတဲ့ အခါကျတော့ သတ်သေတာပဲ။ မိဘဒုက္ခပေးသလိုဖြစ်မယ်ထင်ပြီး ကိုယ့်ကို လည်ပင်းလှီးပြီး အဲဒီတွင်းထဲ ခုန်ချတာပဲ။"
မိသားစုကိုယ်တိုင် မီးသတ်ရုံးကို လာပြောလို့ အခင်းဖြစ်နေရာကို သွားပြီး ကယ်ဆယ်ခဲ့တာလို့ ဆိုပါတယ်။
“သူတို့ မိသားစုကိုယ်တိုင် ရုံးကို လာပြောတယ်။ ကျနော်တို့လည်း အခင်းဖြစ်တဲ့နေရာကို လိုက်သွားပြီးတော့ ဆယ်သွားတယ်။ ပျောက်တာက မနက် ၃ နာရီလောက်မှာ၊ မှောင်တဲ့အခါကျ လိုက်ရှာမတွေ့ဘူး။ အဲ ကန်ထဲလည်း မကြည့်မိဘူး။ မနက် ၅ နာရီလောက်မှ သွေးစတွေ့တော့ လိုက်သွားရင်နဲ့တွေ့သွားတာ။” လို့ ပြောပါတယ်။
လက်ရှိသေဆုံးသွားတဲ့ အမျိုးသမီးကို ရင်ခွဲရုံကို ပို့ဆောင်ထားပြီး မှုခင်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
နိုင်နိုင်