ဘတ်သန်း ၄၀၀ ကျော်ဖိုး ထီအတုလုပ်သည့် အဓိကတရားခံကို ဖမ်းမိရေး ထိုင်းရဲကြိုးပမ်း

431
ထီအတုလုပ်ငန်း လိမ်လည်ကြံစည်မှုမှာ အဓိက တရားခံကို ဖမ်းဆီးဖို့အတွက် ဖမ်းဝရမ်းထုတ်ပြန်နိုင်ဖို့ ထိုင်းရဲတွေက သက်သေတွေ စုဆောင်းနေတယ်လို့ တိုင်းရာဇဝတ်မှု နှိမ်နင်းရေး (စီအက်စ်ဒီ) ရဲ့ အကြီးတန်း စုံစမ်းရေးမှူးက ဧပြီလ ၂၉ ရက်နေ့က ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ရေးသားထားပါတယ်။
လူဒါဇင်ပေါင်းများစွာဆီက ဘတ်ငွေသန်းပေါင်း ၄၀၀ ကျော် လိမ်လည်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ဆဝက်ဆန်ဘန်(င်) ပလာ အသက် ၇၉ နှစ်နဲ့အတူ နောက်ထပ်အခြားသူတွေပါ ဒီကြံစည်မှုထဲ ပါဝင်မယ်လို့ စီအက်စ်ဒီရဲ့ လက်ထောက် ရဲအရာရှိကြီး ချကရစ်ဆဝါဒီက ပြောပါတယ်။
ချူလောင်လောင်ကွန်း တက္ကသိုလ် ငွေစုဆောင်းရေး ကော်ပိုရေးရှင်းရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ မစ္စတာဆဝက် ကို ခန့်မှန်းခြေ ဘတ်ငွေသန်းပေါင်း ၄၄၃ သန်း ဆုံးရှုံးမှုနဲ့အတူ ၇ နှစ်ကျော် ထီအတုလုပ်ငန်း လိမ်လည်ရန်ကြံစည် စီမံလုပ်ဆောင်မှုနဲ့ စွပ်စွဲထားတာပါ။
အဲဒီနောက် တိမ်းရှောင်နေတဲ့ အဓိကသံသယရှိသူ မစ္စတာဆဝက်ကို ရဲက ထပ်မံခြေရာခံတဲ့အခါ ပြီးခဲ့တဲ့အပတ်က အသက် ၃၂ နှစ်အရွယ် ပေါ့ချကွန်ခွန်မန်ဆိုတဲ့ အမျိုးသမီးကို ချင်းမိုင်မြို့မှာ ဖမ်းဆီးမိခဲ့ပါတယ်။ ငွေလွှဲလုပ်ငန်းနဲ့ဆက်စပ်ပြီး ဒီလိမ်လည်မှုရဲ့ ကြံစည်မှုထဲ ပါဝင်သူအနေနဲ့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ပြန်ဖို့ အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကို ပြောရန် ရဲအရာရှိကြီး ချကရစ်က ငြင်းဆန်လိုက်ပြီး အဓိကတရားခံဖြစ်သူ မစ္စတာဆဝက်က တိုင်းပြည်အတွင်းမှာပဲ ရှိနေဆဲလို့ အာဏာပိုင်တွေက ယုံကြည်ကြောင်း သူက ပြောခဲ့ပါတယ်။
ဖမ်းဆီးထားသူ မစ္စပေါ့ချကွန်ကို ငွေကြေးခဝါချမှုမှာ ပါဝင်မှု၊ ရာဇဝတ်မှုနဲ့ ဆက်စပ်တဲ့ ငွေကြေးကို လက်ခံလွှဲပြောင်းမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲထားပြီး ရဲက တရားရုံးကို အာမခံမပေးဖို့ ခိုင်းစေထားတယ်လို့ သိရပါတယ်။
မစ္စပေါ့ချကွန်ကလည်း အာမခံမတောင်းခဲ့တာကြောင့် သူမကို ဗဟိုအမျိုးသမီးထောင် ပို့ဆောင်ထားတယ်လို့ သိရပါတယ်။