နို့ဖိုးဒုက္ခသည်စခန်းအနီးရှိ ထိုင်းရွာ ပစ်ခတ်ခံရ၊ ရွာသားအချို့သေဆုံး
DVB
·
January 25, 2012
ထိုင်းနိုင်ငံ တာ့ခရိုင် အုန်းဖန်မြို့နယ် မြန်မာဒုက္ခသည်များနေထိုင်ရာ နို့ဖိုးဒုက္ခသည်စခန်းအနီးက ကျေးရွာတရွာကို အမည်မသိ လက်နက်ကိုင်တွေ ဝင်ရောက်ပစ်ခတ်လို့ ရွာသားနှစ်ဦး သေဆုံးပြီး တဦး ဒဏ်ရာရသွားပါတယ်။
မနေ့ညက နို့ဖိုးဒုက္ခသည်စခန်း တောင်ဘက် ၁၀ မိုင် အကွာ နယ်စပ်ဂိတ်အနီး ပန်းခလယ်ရွာရှိ ရပ်ကွက် ၉ ထဲကို အမည်မသိ တပ်တတပ်က ဝင်လာပြီး အိမ်ပေါ်မှာ အိပ်ပျော်နေတဲ့ ရွာသားတွေကို ပစ်ခတ်သွားတာလို့ ရွာသားတွေက ပြောပါတယ်။
ထိုင်းမီဒီယာတွေမှာတော့ မြန်မာဘက်က အမည်မသိ လက်နက်ကိုင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ပြောဆိုပေမယ့် ဘယ်အဖွဲ့ဆိုတာ မပြောနိုင်သေးပါဘူး။
ဒီပစ်ခတ်မှုကြောင့် ထိုင်း လင်မယားနှစ်ဦး သေဆုံးခဲ့ပြီး ၁၄ နှစ်အရွယ် မိန်းကလေးတဦး သေနတ်ဒဏ်ရာကြောင့် မဲဆောက်ဆေးရုံ ပို့ခဲ့ရပေမယ့် အခြေအနေ မစိုးရိမ်ရဘူးလို့ ရွာသားတွေက ပြောပါတယ်။
အခင်းဖြစ်ပွားရာ နေရာကို ထိုင်းလုံခြုံရေး အဖွဲ့တွေကို လိုက်လံပြသတဲ့ ပန်းခလယ်ရွာသား နိုင်ချတ်ချဝမ်က “ဒီဘက်ကနေ သိပ်မကြားရဘူး။ လူနာနဲ့ လိုက်သွားတဲ့ ကလေးက ဒီမှာအိပ်တာ။ ပြောကြတာက အများကြီးလာတယ်။ ၁၀ ယောက်ကျော်၊ ၁၅ ယောက်ရှိတယ်။ လက်နက်လာစမ်းတာ။ ဟိုမှာတွေ့လား သွေးတွေ စီးကျနေတာ” လို့ ပြောပါတယ်။
အုန်းဖန်မြို့ အုပ်ချုပ်ရေးမှူးက အခင်းဖြစ်ပွားရာ ဒေသမှာ နယ်ခြားကန့်သတ်ထားတဲ့ ခြံစည်းရိုးတွေ မရှိတော့တဲ့အတွက် နှစ်ဘက်နိုင်ငံက လူတွေ အမြဲ ကူးလူးသွားလာနေကြကြောင်း၊ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း အခုလို အမည်မသိတပ်တွေ ဝင်လာပြီး ထိုင်းရွာသားနှစ်ယောက်ကို ပြန်ပေးဆွဲပြီး သတ်ဖြတ်သွားတယ်လို့ပြောပါတယ်။
မဲဆောက်အခြေစိုက် ထိုင်းနယ်ခြားစောင့် ရဲနဲ့ အထူး ခြေမြန် တပ်ရင်းတွေက ပန်းခလယ် ရွာကနေ အုန်းဖန်မြို့အကြား နယ်စပ်တလျှောက် မနေ့ကစပြီး လုံခြုံရေး တိုးမြှင့်ထားပါတယ်။