A d v e r t i s e m e n t With Us

မက်ဆီဒိုးနီးယား လွှတ်တော်ကို ဆန္ဒပြသူများဝင်စီးပြီး ခိုက်ရန်ဖြစ်ပွား (ရုပ်သံ)

မက်ဆီဒိုးနီးယား နိုင်ငံမှာ ဆန္ဒပြသူတွေက လွှတ်တော်ကို ဝင်စီးအပြီး ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဆိုရှယ်ဒီမိုကရက် ပါတီခေါင်းဆောင် ဧပြီ ၂၇ ရက်နေ့က ဒဏ်ရာရပါတယ်။ သူ့ပါတီနဲ့ အယ်လ်ဘားနီးယန်း တိုင်းရင်းသား မဟာမိတ်တို့က လွှတ်တော်ပြောခွင့်ရ ရာထူးအတွက် အယ်လ်ဘာနီးယန်း လူမျိုးကို ရွေးကောက် တင်မြှောက်အပြီး ခုလိုဖြစ်တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဆိုရှယ်ဒီမိုကရက်ပါတီ ခေါင်းဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က လွှတ်တော်အတွင်း လူများစုနေရာ ရထားတာပါ။ အမျိုးသားရေး ဝါဒီ ဆန္ဒပြသူတွေက ဆေးဖရီ ရွေးကောက်ခံရတာကို ဒေါသထွက်ပြီး ဝင်စီးခဲ့တာပါ။ ဆေးဖရီဟာ မက်ဆီဒိုးနီးယားရဲ့ ပထမဆုံး အယ်လ်ဘာနီယံလူမျိုး လွှတ်တော် ပြောခွင့်ရ ဖြစ်လာပါတယ်။ ဘော်လ်ကန်ဒေသ နိုင်ငံငယ်လေး မက်ဆီဒိုးနီး ယား ဟာ ယူဂိုဆလပ်ဗ် နိုင်ငံကနေ ၁၉၉၁ ခုနှစ်ကမှ လွတ်လပ်ရေး ရလာတာပါ။ ၂၀၀၁ ခုနှစ်က အယ်လ်ဘာ နီးယန်း လူနည်းစု သူပုန်ထမှုကြောင့် ပြည်တွင်းစစ် ဖြစ်လုနီးပါး ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ ကြားဝင် ဖြန်ဖျေမှု ကြောင့် အခြေအနေ ပြေလျော့ခဲ့ပေမယ့် တိုင်းရင်းသားအရေး တင်းမာမှုတွေ ကျန်ရစ်ပါတယ်။ အယ်လ်ဘား နီးယန်း တိုင်းရင်းသားတွေဟာ နိုင်ငံ လူဦးရေရဲ့ ၃ ပုံတပုံ ရှိပါတယ်။ သူတို့ကို ကိုယ်စားပြုတဲ့ ပါတီ ၂ ခုနဲ့ ဆိုရှယ် ဒီမိုကရက် ပါတီတို့ကြား ညွန့်ပေါင်းဖွဲ့ခဲ့လို့ မြို့တော်မှာ လမ်းပေါ် ဆန္ဒပြပွဲတွေ နေ့တိုင်းလိုလို ဖြစ်ခဲ့ပါတယ်။ အမျိုးသားရေး ဝါဒီ လွှတ်တော်အမတ်တွေက မဲပေးမှုရဲ့ တရားဝင် ဖြစ်မှုကို စိန်ခေါ်ခဲ့ပါတယ်။ လွှတ်တော် အစည်းအဝေးတွေ တရားဝင် ရပ်နားခဲ့ပြီး ပုံမှန်လို အီလက်ထရောနစ် နည်းနဲ့ မဲပေးတာ မဟုတ်ခဲ့ဘူးလို့ သူတို့က ပြောပါတယ်။ အမျိုးသားရေးဝါဒီ VMRO-DPMNE ပါတီ ဦးဆောင်တဲ့ အစိုးရ လွန်ခဲ့တဲ့ ၂ နှစ်က ပြုတ်ကျအပြီး ဆင်းရဲမွဲတေတဲ့ မက်ဆီဒိုးနီးယား နိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက် ဖြစ်ခဲ့တာပါ။ ၂၀၁၆ ဒီဇင်ဘာမှာ ရွေးကောက်ပွဲ တွေ ကျင်းပခဲ့ပေမယ့် အစိုးရတရပ်ကို ခုထိ မဖွဲ့စည်း နိုင်သေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up