ခန္တီးမြို့နယ်တွင် တရားမဝင် ကျောက်စိမ်းတုံးများ ဖမ်းမိ
DVB
·
April 29, 2017
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ် နန်းစီပွန်နဲ့ တာမခံသွားတဲ့ လမ်းပေါ်မှာ ကျောက်စိမ်းတုံးတွေ ဖမ်းရမိခဲ့ပါတယ်။
ဧပြီ ၂၇ ရက်နေ့ည ၁၀ နာရီအချိန်လောက်က နန်းစီပွန်ကနေ ကချင်ပြည်နယ်သွားတဲ့လမ်းပေါ်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ရာကနေ ဖမ်းမိခဲ့တယ်လို့ ခန္တီးမြို့မစခန်းမှူး ဒုရဲမှူး လှတင့်က ဒီဗွီဘီကို ပြောပါတယ်။
“ဆိုင်ကယ်တွေကို စစ်ဆေးကြည့်တဲ့အခါမှာ ကျောက်စိမ်းတုံး တွေ့ရှိခဲ့ပါတယ်။ အခုဖမ်းဆီးရမိခဲ့တဲ့ ကျောက်စိမ်းတုံး စုစုပေါင်း ၃၄၉ တုံး ရှိပါတယ်။ ဆိုင်ကယ် ၁၂ စီး၊ လူ ၁၂ ယောက်။ သူတို့ကိုတော့ ကျောက်မျက်ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်။”
ဆိုင်ကယ်တွေနဲ့ ကျောက်စိမ်းတုံးတွေ သယ်လာတဲ့ ကိုနေအောင်၊ ဦနိုင်ဝင်း၊ ကိုညွန့်ဖေ၊ ၊ ကိုအောင်ထွေး၊ ကိုမြင့်ဦး၊ ကိုတင်ဦး၊ ယမင်းစိုး၊ ဝေဖြိုးအောင်၊ အောင်ရန်လင်း၊ မျိုးမြင့်ဦး၊ ကိုဝင်းမြင့်၊ ဒေါ်ထွေးမြ၊ ဝင်းမြင့်ကျော်၊ စုစုပေါင်း ၁၂ ဦးကို ဖမ်းမိခဲ့ပြီး ခန္တီးမြို့မရဲစခန်း ရဲအုပ် ကိုကိုမင်းထွန်း က ကျောက်မျက်ဥပဒေ ၄၂(က) အရ တရားလိုပြုလုပ်ပြီး အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - အောင်ဆန်းမြင့်