မြန်မာပြည်တွင် မျှော်လင့်ချက်အသစ်များရှိနေကြောင်း အိုဘားမားပြော
နေသွင်
·
January 25, 2012
[caption id="attachment_20367" align="alignleft" width="300" caption="ဘားရတ္အိုဘားမား (ဓာတ္ပံု-ရိုက္တာ)"][/caption]
မြန်မာပြည်နဲ့ ဆက်ဆံရေးသစ်ကနေ မျှော်လင့်ချက်အသစ်တွေ ရှိနေတယ်လို့ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက နိုင်ငံတော်မိန့်ခွန်းမှာ ထည့်သွားပြောကြားသွားပါတယ်။
အမေရိကန် ပူးတွဲ ကွန်ဂရက်လွှတ်တော်ကို မနေ့က ပြောကြားတဲ့ မိန့်ခွန်းမှာ အိုးဘားက “အမေရိကန်ဟာ ပစိဖိတ်ဒေသရဲ့ အင်အားဖြစ်ပြီး၊ မြန်မာပြည်နဲ့ဆက်ဆံရေးသစ်ကလည်း မျှော်လင့်ချက် အသစ်တွေကို ဆောင်ကြဉ်းနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက သူသမ္မတဖြစ်တဲ့ ၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ အရင် အမေရိကန်အစိုးရ အဆက်ဆက်က ချမှတ်ထားတဲ့ မြန်မာအစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအပြင် ထိတွေ့ဆက်ဆံရေး ပေါ်လစီကိုပါ တပြိုင်နက် ကျင့်သုံးခဲ့တာပါ။
အမေရိကန်အစိုးရအနေဖြင့် ဒီမိုကရေစီနဲ့ လူ့ဂုဏ်သိက္ခာဘက်ကနေ ရပ်တည်သွားမယ်လို့ အိုဘားမားက သူ့မိန့်ခွန်းမှာ ထည့်ပြောပါတယ်။
“တည်ငြိမ်ပြီး ခိုင်မာတဲ့ ဒီမိုကရေစီစနစ်ကို ရှေးရှုပြီး ပွင့်လင်းတဲ့ ဈေးကွက်စနစ်ကို ဖော်ဆောင်မယ့် ပေါ်လစီတွေကို ကျနော်တို့ အမေရိကန်အစိုးရက ဆက် ထောက်ခံသွားပါမယ်။ အာဏာရှင်စနစ်ဟာ လွတ်လပ်မှုနဲ့ သဟဇာတ မဖြစ်ပါဘူး။”
အမေရိကန်အစိုးရဟာ မြန်မာပြည်ကို နှစ်ပေါင်း ၅၀ ကျော်ကြာ အဆင့်မြင့် သံတမန် ဆက်ဆံရေး ဖြတ်တောက်ထားရာကနေ ဒီဇင်ဘာအတွင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်ကို ပြန်လည်စေလွှတ်ခဲ့ပြီး မကြာခင်မှာ မြန်မာပြည်ဆိုင်ရာ အမေရိကန်သံတမန်ကိုလည်း ပြန်လည်ခန့်အပ်ဖို့ ကြေညာထားပါတယ်။
မြန်မာပြည်အပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတွေ ပြန်လည်ရုပ်သိမ်းဖို့ ကိစ္စကိုလည်း ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ သုံးသပ်သွားဖို့ ရှိတယ်လို့ ပြောဆိုထားပါတယ်။
သူ့ရဲ့ နိုင်ငံတော် မိန့်ခွန်းမှာ သမ္မတအိုဘားမားက အမေရိကန် ကျဆုံးနေပြီဆိုတဲ့ သုံးသပ်ချက်တွေဟာလည်း နားမလည်လို့ ပြောတာဖြစ်ပြီး အမေရိကန်ဟာ ကမ္ဘာ့အရေးအရာတွေမှာ မရှိမဖြစ်တဲ့ နိုင်ငံတခုအဖြစ် ဆက်ရှိနေပြီး သူသမ္မတအဖြစ် တာဝန်ယူနေတဲ့အချိန်မှာ ဒီအတိုင်း ဆက်ထိန်းသွားဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။