ရဲလိုက်လံဖမ်းဆီးချိန် အသေခံဗုံးဖောက်ခွဲခဲ့သည့် အိုင်အက်စ်အကြမ်းဖက်သမားရုပ်သံ ထွက်ပေါ်

1.4K
အိုင်အက်စ်အကြမ်းဖက်သမားတဦးဟာ သူ့နောက်ကို အီရတ်ရဲအရာရှိ ၃ ဦးက လိုက်လံဖမ်းဆီးချိန်မှာ အသေခံဗုံးဖောက်ခွဲခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အိုင်အက်စ် အကြမ်းဖက်သမားတွေနဲ့ မကြာခဏ စစ်ပွဲတွေဖြစ်ရာ မိုဆူးလ်မြို့တောင်ပိုင်းမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းမှာ ဧပြီ ၂၇ ရက်နေ့က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အိုင်အက်စ်အကြမ်းဖက်သမားဟာ ကွင်းပြင်ထဲမှာ ရှိနေခဲ့ပြီး ရဲတွေက သူ့ကို ဝိုင်းရံထားခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် သူ့ကို ရဲအရာရှိတွေက မဖမ်းဆီးနိုင်ခင်မှာပဲ သူဟာ ဗုံးတပ်ဆင်ထားတဲ့ ခါးပတ်မှတဆင့် အသေခံဖောက်ခွဲခဲ့တာပါ။
ဗုံးပေါက်ကွဲတဲ့အရှိန်ကြောင့် အီရတ်ရဲအရာရှိ ၃ ဦးဟာ လေထဲကို လွင့်စင်မြောက်တက်သွားခဲ့တာကို တွေ့ရပါတယ်။
စက္ကန့်ပိုင်းအကြာမှာတော့ အီရပ်တပ်ဖွဲ့တွေဟာ အဲဒီနေရာတဝိုက် လုံခြုံစေဖို့ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ အသံတွေကို ကြားရပါတယ်။
အဲဒီရဲအရာရှိ ၃ ဦးဟာ သေဆုံးသွားခဲ့သလားဆိုတာနဲ့ ပတ်သက်ပြီးတော့ သတင်းမှာ ဖော်ပြမထားပါဘူး။
ဒီအဖြစ်အပျက်ဟာ အသေခံဗုံးဖောက်ခွဲသမား ၄ ဦး အပါအဝင် ခုခံတိုက်ခိုက်တဲ့ အကြမ်းဖက်သမား ၁၀ ဦးလောက်ပါဝင်တဲ့ အဖွဲ့နဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ဆုံချိန်မှာ ဖြစ်ခဲ့တာလို့ သတင်းက ဆိုပါတယ်။
မိုဆူးလ်မြို့မှာ ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက လူပေါင်း ၅ သိန်း ၃ ထောင်လောက်ဟာ နေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (ယူအန်အိပ်ခ်ျစီအာရ်) ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။