သုံးစွဲရန်မသင့်သည့် ထိုင်းကုမ္ပဏီထုတ် အလှကုန်ပစ္စည်း ၁ မျိုး အသိပေးကြေညာ
DVB
·
April 28, 2017
ထိုင်းကုမ္ပဏီထုတ် မျက်နှာလိမ်းခရင်မ် အလှကုန်ပစ္စည်း ၁ မျိုးဟာ တားမြစ်ဓာတုပစ္စည်း ပါဝင်နေတဲ့အတွက် အများပြည်သူလူထု သုံးစွဲဖို့ မသင့်တော်တဲ့အကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေးနှိုးဆော်လိုက်ပါတယ်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဟာ ပြည်တွင်းမှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေကို စစ်ဆေးခဲ့ရာမှာ White Seoul Perfect (24 Stop Acne Cream + White Face Cream) လို့ရေးသားထားပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီအမည်ကို ထိုင်းဘာသာနဲ့ ရေးသားဖော်ပြထားတဲ့ အလှကုန်ပစ္စည်း ၁ မျိုးဟာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ထားခြင်း မရှိဘူးလို့ ဆိုပါတယ်။
ဒ့ါအပြင် အဆိုပါအလှကုန်ပစ္စည်းမှာ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်း Hydroquinone&Azelaic အက်ဆစ်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရလို့ အများပြည်သူလူထုသုံးစွဲရန် မသင့်တော်ဘူးလို့လည်း ဆိုပါတယ်။
အဆိပ်သင့်ဓာတုပစ္စည်းတွေဟာ အရေပြား ယားယံရောင်ရမ်းတာ၊ အဖြူ အနီကွက်တွေ ဖြစ်တာ၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူပြီး ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်တာနဲ့ ရေရှည်သုံးစွဲပါက အရေပြားကင်ဆာရောဂါ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။