မြန်မာကာကွယ်ရေးဦးစီးချုပ်ကို ဂျာမန်တပ်မတော်ဂုဏ်ပြုကြိုဆို - (ဓာတ်ပုံ)
DVB
·
April 28, 2017
မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဂျာမနီတပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗိုလ်ကာဝီခါက ဂုဏ်ပြုကြိုဆိုခဲ့ပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သြစတြီးယားနိုင်ငံကနေတဆင့် ဂျာမနီနိုင်ငံကို ဆက်လက်သွားရောက်ပြီး ဧပြီ ၂၇ မနက်က ဂျာမနီတပ်မတော် စစ်ဦးစီးချုပ်က ဂျာမနီ ကာကွယ်ရေးဝန်ကြီးဌာနမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့တာဖြစ်ပါတယ်။
နှစ်နိုင်ငံ တပ်မတော်အကြီးအကဲတွေ တွေ့ဆုံဆွေးနွေးရာမှာ မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “မိမိတို့ တပ်မတော်နှစ်ရပ်အကြား လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် တိုးမြှင့်တည်ဆောက်သွားလိုပါကြောင်း၊ အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း သတင်းအချက်အလက် ဖလှယ်ခြင်းများကို ဆောင်ရွက်သွားလိုကြောင်း၊ ဂျာမနီ တပ်မတော်စစ်ဦးစီးချုပ်ကိုလည်း မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားအပ်ပါကြောင်း” ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဂျာမနီ တပ်မတော်စစ်ဦးစီးချုပ်ကလည်း “ယခုခရီးစဉ်မှစ၍ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မူလကထက်ပိုမို၍ ဆက်လက်တိုးမြှင့် တည်ဆောက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မြန်မာ့တပ်မတော်အရာရှိများအား ဂျာမနီနိုင်ငံသို့ သင်တန်းများ စေလွှတ်တက်ရောက်ခြင်း၊ နယ်ပယ်များအလိုက် လေ့လာရေး ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ရေးများကို ဆောင်ရွက်သွားလိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားကြောင်း” ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ဂျာမနီတပ်မတော်စစ်ဦးစီးချုပ်နဲ့ အတူ ဂျာမနီ တပ်မတော်၏ ကျဆုံးစစ်သည်ဗိမာန်ကို သွားရောက် ပန်းခွေချ အလေးပြုခဲ့တယ်လို့လည်း သိရပါတယ်။