Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဟိုက်ဂျက်ယာဉ် ၁ စီးတိမ်းမှောက်၊ ၉ ဦး ဒဏ်ရာရ
DVB
·
April 28, 2017
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၄ အနီးမှာ ဧပြီ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က ဟိုက်ဂျက်ယာဉ်တစီး တိမ်းမှောက်ပြီး ယာဉ်ပေါ် လိုက်ပါလာသူအချို့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဖြူးမြို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက သိရပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရန်ကုန်ဘက်မှ နေပြည်တော် ဘက်ကို စိတ္တသုခလမ်း ၁ ရပ်ကွက်၊ ရေတာရှည်မြို့နေ ယာဉ်မောင်း ဦးဝေလင်းစိုး  မောင်းနှင်လာတဲ့ ဟိုက်ဂျက် အဖြူရောင်ယာဉ်မှာ အမြန်လမ်းမကြီး ၁၁၄ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံအကြားကို အရောက် ရှေ့ယာဘက်ဘီး ပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းမြေသားပေါ်ကို တိမ်းမှောက်သွားခဲ့ပါတယ်။ “အကုန်လုံးဆိုရင် ဟိုက်ဂျက်ပေါ်မှာ ပါလာတဲ့ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၅ ဦးဆိုတော့ ၁၀ ယောက်ပေါ့။ ၁၀ ယောက်ကို အမျိုးသမီးက ၅ ဦးလုံး ဒဏ်ရာရတယ်။ အမျိုးသားက ၄ ဦး ဒဏ်ရာရတယ်။ အကုန်လုံး ၉ ယောက် ဒဏ်ရာရတာပေါ့။ ဒါပေမယ့် သာမန်ဒဏ်ရာတွေချည်းပါပဲ။ စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူး။ ဒဏ်ရာရသူတွေကို ဖြူးဆေးရုံကို ပို့ထားပါတယ်”လို့ ဖြူးမြို့နယ် အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ ဖြူးအမြန်လမ်းမကြီး ရဲစခန်းမှူးနဲ့ အဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်လိုက်ပါသူ ၁၀ ဦးအနက် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၉ ဦး ထိခိုက်ဒဏ်ရာ အသီးသီး ရရှိသွားတာကြောင့် ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်း ဝေလင်းစိုးကို ဖြူး အမြန်လမ်းမကြီး ရဲစခန်းက  ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024