Home
မြန်မာသတင်း
ဖမ်းဆီးခံ ကျောင်းသား ၄ ဦး တရားရုံးတွင် အစစ်မခံဘဲ သပိတ်မှောက်
နော်နိုရင်း
·
April 27, 2017
စစ်ကိုင်းပညာရေးကောလိပ်မှာ စစ်တပ်ပုံစံ ဖိနှိပ်အုပ်ချုပ်မှု အလိုမရှိဆိုပြီး မနေ့က ဆန္ဒပြလို့ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ၄ယောက်တို့ကို ဒီကနေ့ မန္တလေးတိုင်း ချမ်းအေးသာဇံ တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ သူတို့ကို အမှတ် ၈ ရဲစခန်းက စခန်းမှူးက ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆိုပြီး ဒီနေ့ ရုံးထုတ်ခဲ့တာပါ။ ကျောင်းသားတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြောင်းနဲ့ ဒီတရားစီရင်ရေးစနစ်ကို အစစ်မခံနိုင်ကြောင်း တရားရုံးကို သပိတ်မှောက်ခဲ့တယ်လို့ တရားရုံး ထုတ်ရာ လိုက်ပါနားထောင်ခဲ့တဲ့ ဒေသခံ ကိုစိုးမိုးထွန်းက ပြောပါတယ်။ “တရားသူကြီးကတော့ တွဲဘက်တရားသူကြီး ၁ ဦးမောင်မောင်သစ်လွင် သူနဲ့ ဖြစ်တယ်ပေါ့ဗျာ။ ကျောင်းသားထဲက တယောက် ထပြီးတော့ပြောတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝ လက်သင့်မခံနိုင်တဲ့အတွက် ဒီတရားစီရင်ရေးစနစ်ကိုလည်း သူ့အနေနဲ့ အစစ်မခံနိုင်ပါဘူး။ သပိတ်မှောက်ပါတယ်ဆိုပြီးတော့ ကျောလှည့် ထိုင်ကြတယ်ပေါ့ဗျာ။ ကျောလှည့်ထိုင်တော့ တရားသူကြီးက ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထားပါတယ်ဆိုတဲ့အကြောင်း၊ အာမခံလျှောက်မယ်၊ ၀န်ခံထိုးမယ်ဆိုရင် အခွင့်အရေးရှိတယ်လို့ထပြောပေမယ့် သူတို့ကတော့ သပိတ်မှောက်ထားတယ်ဆိုတဲ့ ကြောင်းပြောပြီး ပြန်ထွက်လာတယ်။ ပြန်ထွက်လာပြီး ကျောင်းသားသီချင်းဆိုပြီးတော့ အချုပ်ခန်းထဲပြန်ဝင်သွားတယ်။” ကျောင်းသားတွေကို ဒီနေ့နေ့ခင်း ၂ နာရီလောက်က ရုံးထုတ်ပြီး တရားရုံးကနေ ၁၅ မိနစ်လောက်နဲ့ ပြန်ထွက်လာခဲ့ကြပြီး သူ့ကို တရားရုံးအချုပ်ခန်းမှာ ပြန်လည်ချုပ်နှောင် ထားတယ်လို့ ပြောပါတယ်။ ဖမ်းဆီးတရားစွဲဆိုခံရတဲ့ထဲက ဗကသအဖွဲ့ဝင် ကိုနှင်းအောင်ကတော့ လွန်ခဲ့တဲ့လပိုင်းက စဥ့်ကိုင်မြို့နယ်မှာ အလုပ်သမားသပိတ်မှောက်ထားတာရှိခဲ့အတွက် သူ့ကို အခု ပုဒ်မ ၁၈ နဲ့တရား စွဲဆိုပြီး စဉ်ကိုင်မှာ သွားရောက်တရားရင်ဆိုင်ရမယ်လို့လည်း ကိုစိုးမိုးနိုင်ကပြောပါတယ်။ “ကိုနှင်းအောင်က သင်္ကြန်မတိုင်ခင် စဥ့်ကိုင်မြို့နယ်မှာ အလုပ်သမားသပိတ်နဲ့ပတ်သက်ပြီး မှောက်ထားတာရှိတယ်။ အဲဒီအမှုကို အခုမှာ ပြန်ပြီးတော့ စွဲထားတာဗျာ။ အဲတော့ ကိုနှင်းအောင်တယောက်ကတော့ ဒီအမှုပြီးရင် စဥ့်ကိုင်မှာ တရားဆက်ရင်ဆိုင်ရမှာပေါ့ဗျာ။” စစ်ကိုင်းပညာရေးကောလိပ်မှ ကျောင်းသား ၂ ဦးက စစ်တပ်ပုံစံ ဖိနှိပ်အုပ်ချုပ်မှု အလိုမရှိဆိုပြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၈၀၊ ၃၄ x ၃၅ လမ်းကြားရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှေ့မနေ့မနက်ပိုင်းက ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြပြီး ၁၅ မိနစ်လောက်အကြာမှာပဲ ရဲက သူတို့ကို ဖမ်းဆီးခဲ့သလို သူတို့ကို ကူညီပေးတဲ့ နောက်ထပ် ၀န်းရံဗကသ ကျောင်းသား ၂ ဦးကိုပါ ဖမ်းဆီးစစ်ဆေးပြီး ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာပါ။ လက်ရှိ ဖမ်းဆီးတရားစွဲဆိုခံရသူတွေကတော့ စစ်ကိုင်းပညာရေးကောလိပ်က ကိုဇော်ရဲထက်၊ ဗကသအဖွဲ့ဝင် ကိုနှင်းအောင်၊ မန္တလေး ရတနာပုံတက္ကသိုလ်က ကိုရဲမျိုးဆွေနဲ့ မန္တလေးနည်းပညာတက္ကသိုလ်က ကိုကောင်းဇော်ဟိန်းတို့ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024