A d v e r t i s e m e n t With Us

၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံများ၏ စစ်အသုံးစရိတ် ပြန်မြင့်တက်

ဓာတ်ပုံ - ရိုက်တာ
၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အသုံးစရိတ်ဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်ပြီး မြင့်တက်လာတယ်လို့ သုတေသန အစီရင်ခံစာတရပ်က ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ကမ္ဘာတဝန်း စစ်လက်နက်အသုံးစရိတ် ၂ နှစ်ဆက်တိုက် တိုးမြင့်ခဲ့တယ်လို့ ဆွီဒင်နိုင်ငံအခြေစိုက် စစ်ရေးသုတေသနအဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ မနှစ်က ကမ္ဘာတဝန်း စစ်လက်နက်အသုံးစရိတ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၇၀၀ လောက် သုံးစွဲခဲ့ကြတယ်လို့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ကြီးက ထုတ်ပြန်ခဲ့တာပါ။ ဒါဟာ အရင်တနှစ် ၂၀၁၅ ခုနှစ်ကထက် ၄ ရာခိုင်နှုန်း တိုးမြင့်လာတာ ဖြစ်ပါတယ်။ ထိပ်ဆုံးကတော့ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆၁၁ ဘီလီယံနဲ့ ၁ ဒသမ ၇ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခဲ့ပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ် အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း စစ်အသုံးစရိတ် လျော့ကျလာခဲ့တာကနေ ပြန်ပြီး မြင့်တက်လာတာ ဖြစ်ပါတယ်။ ဒုတိယနေရာမှာတော့ တရုတ်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၁၅ ဘီလီယံနဲ့ အရင်တနှစ်ကထက် ၅ ဒသမ ၄ ရာခိုင်နှုန်း တိုးမြင့်ခဲ့ပါတယ်။ တတိယအသုံးဆုံးနိုင်ငံကတော့ ၂၀၁၅ ခုနှစ်ကထက် ၅ ဒသမ ၉ ရာခိုင်နှုန်း တိုးမြှင့်ပြီး အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၂ ဘီလီယံ သုံးစွဲခဲ့တဲ့ ရုရှားနိုင်ငံ ဖြစ်ပါတယ်။ ဒီထိပ်ဆုံးနိုင်ငံတွေထဲမှာ တရုတ်နဲ့ ရုရှားနိုင်ငံတို့က စစ်လက်နက်အသုံးစရိတ်တွေ သိသိသာသာ တိုးမြှင့်သုံးစွဲခဲ့လို့ သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ အထူးသဖြင့် အာရှနဲ့ သမုဒ္ဒရာပိုင်းဒေသမှာ အရင်တနှစ်ကထက် ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်ခဲ့တာပါ။ ရုရှားနိုင်ငံနဲ့ အိမ်နီးချင်း ဥရောပနိုင်ငံတွေလည်း စစ်လက်နက်အသုံးစရိတ် သိသိသာသာ တိုးမြှင့်ခဲ့ပြီး လတ်ဗီးယားနိုင်ငံက ၄၄ ရာခိုင်နှုန်းနဲ့ လစ်သူရေးနီးယားနိုင်ငံက ၃၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up