မက်ဆီဟု အမည်ပေးထားသည့် ကလေးငယ်ကို အိုင်အက်စ် ၂ နှစ်ကြာ ပြန်ပေးဆွဲ (ရုပ်သံ)

614
ကမ္ဘာကျော် ဘောလုံးသမား လိုင်ရွန်နယ်လ် မက်ဆီရဲ့ အမည်ပေးထားတဲ့ အသက် ၃ နှစ်အရွယ် ကာဒစ်ရှ်ယာဇဒီ ကလေးငယ်တဦးကို အိုင်အက်စ် အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲကာ ၂ နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။
အိုင်အက်စ်တွေက မက်ဆီရဲ့အမည်ကို အယူမှားတဲ့ ဒိဋ္ဌိနာမည်လို့ သတ်မှတ်ခဲ့ပြီး သူ့ကို မိခင်၊ အစ်မဖြစ်သူတို့နဲ့အတူ ၂၀၁၄ ခုနှစ်မှာ ပြန်ပေးဆွဲ ဖမ်းဆီးသွားခဲ့တာပါ။
အဲဒီကလေးငယ်ရဲ့ဖခင်ဟာ စပိန်လာလီဂါ ထိပ်သီးကလပ်အသင်းတသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းမှ ကစားသမား မက်ဆီရဲ့ အမာခံပရိသတ်ဖြစ်တာမို့ သူ့ကို ခုလို နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။
အိုင်အက်စ် အကြမ်းဖက်အဖွဲ့က ကလေးငယ်ရဲ့မိခင်နဲ့ အစ်မဖြစ်သူတို့ကို ဓားစာခံအဖြစ်ထားပြီး ပြန်လွှတ်ပေးစေချင်ရင် ကလေးငယ်ရဲ့နာမည်ကို ပြောင်းပေးရမယ်လို့ မိသားစုကို တောင်းဆိုခဲ့တာပါ။
နောက်ပိုင်းမှာတော့ အသက် ၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အဲဒီကလေးငယ်ဟာ မိခင်၊ အစ်မဖြစ်သူတို့နဲ့အတူ ပြန်လွတ်မြောက်လာခဲ့ပြီး ဒိုဟပ်ခ်က ဒုက္ခသည်စခန်းမှာ ဖခင်ဖြစ်သူနဲ့အတူ ရှိနေခဲ့ပြီလို့ အီရတ်သတင်းမှာ ဖော်ပြပါတယ်။
ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက မက်ဆီဆိုတဲ့ နာမည်ကို အိုင်အက်စ်တွေက မိစ္ဆာနာမည်လို့ ယူဆယုံကြည်ကြတယ်လို့ ကာဒစ္စတန်သတင်းကို ဖြေခဲ့တာပါ။
ကလေးရဲ့နာမည်ကို ပြောင်းဖို့ တောင်းဆိုခဲ့ပေမယ့် မိသားစုကတော့ ဒါကို မလုပ်ခဲ့ဘူးလို့ မိခင်ဖြစ်သူက ပြောပါတယ်။
ဒါပေမယ့် အိုင်အက်စ် ထိန်းသိမ်းခံဘဝနဲ့ ၂ နှစ်ကြာ နေထိုင်ခဲ့တဲ့ ကလေးငယ်ဟာ ဘောလုံးထက် သေနတ်နဲ့ ဆော့ကစားရတာကိုသာ ပိုမိုခုံမင်လာခဲ့တယ်လို့ အီရတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
စကားလည်း နည်းသွားခဲ့ပြီး သူ့ကို လူတွေက မက်ဆီလို့ခေါ်ရင်ကို ထိတ်လန့် ကြောက်ရွံ့နေခဲ့တယ်လို့ ဆိုပါတယ်။