Home
မြန်မာသတင်း
အခွန်ဝန်ထမ်းများကို လစာတိုးတာမဟုတ်ဘဲ ဆုကြေးလိုမျိုးပေးတာဟု ဘဏ္ဍာရေးဒုဝန်ကြီးဆို
နေဖြိုးဝင်း
·
April 25, 2017
ပြည်တွင်းအခွန်များ ဦးစီးဌာနက ၀န်ထမ်းတွေကို လစာနှစ်ဆတိုးပေးတာမဟုတ်ဘဲ ဆုကြေးလိုမျိုးပေးဖို့ စီစဉ်တာဖြစ်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးက ပြောဆိုလိုက်ပါတယ်။ ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်တဲ့ အစိုးရရဲ့ ပထမ ၁ နှစ်ပြည့် ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ ရှင်းလင်းတဲ့အခမ်းအနားမှာ သတင်းထောက်တဦးက အခွန်ဝန်ထမ်းတွေ လစာနှစ်ဆ တိုးပေးတဲ့ထုတ်ပြန် ချက်နဲ့ပတ်သက်တဲ့ မေးမြန်းချက်ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက အခုလို ပြန်လည်ရှင်းလင်းတာပါ။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၃ ရက်နေ့ ရက်စွဲနဲ့ ပြည်တွင်းအခွန်များဦးစီးဌာနက တာဝန်ကျေပွန်တဲ့ဝန်ထမ်းတွေကို အခွန်စနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ နိုင်ငံဝန်ထမ်းတွေကို ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အခြေခံ လစာရဲ့(နှစ်ဆ)ဖြစ်တဲ့ငွေကို သာမန် အသုံးစရိတ်ရဲ့ စရိတ်ချီးမြှင့်ငွေစတဲ့ ငွေစာရင်းခေါင်းစဉ်က သုံးစွဲခွင့်ပြုတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ "လစာနှစ်ဆတိုးတယ် ပေးတယ်ဆိုတဲ့ ကိစ္စလုံးဝမဟုတ်ပါဘူး။ လစာတိုးတာလည်း မဟုတ်ဘူး။ လစာနှစ်ဆပေးတာလည်း မဟုတ်ဘူး။ ကျနော်တို့ ပေးမှာကပေးဖို့ အစီအစဉ်ရှိတာက ဆုကြေး Bonus လိုဟာမျိုးပါ။ ဒီ အတွက်ကို သာမန်အသုံးစရိတ်ထဲမှာ ထည့်ထားတယ်။ ၀န်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်ကို ကြည့်မယ်။ သုံးလ တခါ သုံးလ တခါကြည့်သွားမယ်၊ ကြည့်လိုက်လို့ မနှစ်က ကောက်တာထက် အများကြီးတိုးရတယ်၊ ပြီးတော့ အဂတိတရားလည်း လုံးဝကင်းရှင်း တယ် ဒီလိုလူမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင် ၀န်ကြီးဌာနရဲ့သဘောတူညီချက်နဲ့ ဆုကြေး ဘယ်လောက်ပေးမယ် ဒါကိုသတ်မှတ်ပြီးပေးမှာဖြစ်ပါတယ်"လို့ ဦးမောင်မောင်ဝင်းက ဆိုပါတယ်။ ဒါဟာ အုပ်ချုပ်မှုကောင်းမွန်အောင် ဆောင်ရွက်တဲ့နေရာမှာ လက်နက်တွေဖြစ်ပါတယ်လို့လည်း ပြောပါတယ်။ "ကျန်တဲ့သူတွေ အဂတိကင်းရှင်းတယ် မကင်းရှင်းတယ် ဘာမှ မပြောလိုဘူး။ သို့သော် ဒီရုံးမှာတော့ အခွန် ကောက်တာနဲ့ပတ်သက်လို့ အဂတိလိုက်စားနိုင်တဲ့အခြေအနေရှိပါလျက်နဲ့ ဒီဌာန၀န်ထမ်းတွေဟာ လုံးဝ မလိုက်စားဘဲနဲ့ free of corruption last corruption နဲ့ သွားနေတယ်ဆိုတာကို ကျနော်တို့ ရဲရဲကြီးပြောရဲတယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ပြောတဲ့ အနေအထားဖြစ်ပါတယ် " လို့ ဒုတိယ၀န်ကြီးက ပြောပါ တယ်။ ကြေညာချက်အရက် ဝန်ထမ်းတွေအနေနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကစပြီး အကျိုးခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024