ရေပူဂိတ်တွင် ပိတောက်သစ်နှင့် ကျောက်စိမ်းတုံးများ ဖမ်းမိ
DVB
·
April 25, 2017
ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီး သိန္နီ ရေပူဂိတ်စစ်ဆေးရေးဂိတ်မှာ မနေ့ညက ပိတောက်သစ်နဲ့ ကျောက်စိမ်းတုံးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
သစ်တော တောအုပ်ကြီး ဦးမြင့်မြတ်က “ကျနော်တို့အဖွဲ့ ကျောက်စိမ်းတင်လာတယ်ဆိုလို့ ဂိတ်အောက်ဘက်ကို အဲသတင်းသွားယူရင်းနဲ့ အဲသစ်ကားပါ ဖမ်းမိတာ။ ဒီမှာက ကား အသေးတွေရော အကြီးတွေရော အကုန်ရပ်ခိုင်းပြီးတော့ စစ်တယ်။ အဲသစ်ကားကို ဖမ်းမိတာက ၇ နာရီခွဲမှာ ဖမ်းမိတာ။ သစ်ကတော့ ပိတောက်အမျိုးအစားတွေဗျ။ ပျှမ်းမျှတန်ဖိုးကတော့ တိတိကျကျ မသိသေးဖူး။ ကားကိုလည်း ဂိတ်မှာပဲ ထိုးထားရသေးတယ်။ သစ်ကလည်း အကြီးတွေဆိုတော့ ကရိန်းနဲ့ပြန်ချပြီး စစ်မှရမှာ။ ရှိတာက ၂ တန် ပတ်ချာလည်လောက်ရှိမယ် ထင်တယ်။ ကားကတော့ လေးလုံးထိုးပါ” လို့ ပြောပါတယ်။
ပိတောက်သစ် သယ်ဆောင်လာတဲ့ကားမှာ မူဆယ်သို့တက်ရောက်မယ့် ကားဖြစ်ပြီး ကားသမား ၃ ဦးကို သိန္နီရဲစခန်းမှာ သွားရောက် အပ်နှံထားကြောင်း သိရပါတယ်။ ဒါ့အပြင် ပိတောက်သစ် ဖမ်းမိတဲ့ ရေပူ စစ်ဆေးရေးစခန်းမှာ ညသန်းခေါင်းအချိန်က ကုန်တင်ကား တစီးပေါ်က ကျောက်စိမ်း ၅၅ တုံးလည်း ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
သတင်း - နိုင်နိုင်