အသက် ၉၀ ကျော်ဘိုးဘွားများ လူမှုရေးပင်စင် စလျှောက်ထားနိုင်
DVB
·
April 25, 2017
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အသက် ၉၀နှစ် အထက် ဘိုးဘွားတွေကို အစိုးရက ဧပြီလက စပြီး လူမှုရေးပင်စင်အဖြစ် တစ်လလျင် ငွေကျပ် ၁ သောင်းနှုန်းနဲ့ သုံးလ တကြိမ် ထောက်ပံ့ပေးသွားဖို့ ရှိနေပါတယ်။
အသက် ၉၀ နှစ်ရှိ သက်ကြီးဘိုးဘွားတွေအနေနဲ့ သက်ကြီးပင်စင်ကို သန်းခေါင်စာရင်း၊ မှတ်ပုံတင်မိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ လတ်တလောရိုက်ထားတဲ့ ပတ်စ်ပို့ဓာတ်ပုံနဲ့ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနဟု လိပ်မူပြီး လျှောက်ထားနိုင်ပြီလို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က ပြောပါတယ်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးမှာ အသက် ၉၀ အထက် ဘိုးဘွား အယောက် ၄၂၀၂ ဦးရှိတယ်လို့ သိရပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်းမှာ အသက် ၉၀ နဲ့ ၁၀၀ အကြား ဘိုးဘွားတွေကို နိုင်ငံတော် ဘတ်ဂျက်ထဲက တနှစ်ကို ကျပ် ၁၈၀၀၀ ထောက်ပံ့ကူညီခဲ့ပြီး အသက် ၁၀၀ နှစ်အထက် ဘိုးဘွားတွေကိုတော့ နိုင်ငံတော်ဝန်ကြီး လစာငွေထဲကနေ တနှစ်ကို ကျပ် ၂ သိန်း ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။
သတင်း - သူဇာလင်း