A d v e r t i s e m e n t With Us

တောင်ပေါ်တိုင်းရင်းသူနှင့် ဒုက္ခသည်မိန်းကလေးများအား ထိုင်းရဲ ပြည့်တန်ဆာအဖြစ်ခိုင်းစေ

ဓာတ်ပုံ - သည်နေးရှင်း
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်မှာ ရဲတပ်ကြပ်ကြီးတဦးနဲ့ အပေါင်းပါတွေက တောင်ပေါ်တိုင်းရင်းသူနဲ့ ဒုက္ခသည် မိန်းကလေးတွေကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့တယ်လို့   ခေါင်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ မယ်ဟောင်ဆောင်မြို့ ပန်မူရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတဦးဟာ ရဲတပ်ကြပ်တဦးရဲ့ ဖြားယောင်းမှု၊ မူးယစ်ဆေးကျွေးပြီး ပြည့်တန်ဆာလုပ်ခိုင်းမှု၊ မဖွယ်မရာပြုနေပုံကို ဗွီဒီယိုရိုက်ထားပြီး အဲဒီပုံတွေနဲ့ ခြိမ်းခြောက်ခံနေရကြောင်း မိခင်ဖြစ်သူက  မနှစ် မေလကတည်းက ခရိုင်တွင်းရှိ သက်ဆိုင်ရာကို တိုင်တန်းခဲ့ပေမယ့် ဘာမှ အရေးယူဆောင်ရွက်ပေးတာ မရှိလို့ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က သတင်းဌာနနဲ့ ထိုင်းနိုင်ငံ လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။ အဲဒီအမှုအကြောင်း သတင်းဌာနနဲ့ လူမှုကွန်ရက်တွေမှာ ပြန့်သွားပြီးတဲ့နောက် ပြည့်တန်ဆာပြုခံရသူ မိန်းကလေးမှာ တဦးတည်းမကဘဲ တောင်ပေါ်တိုင်းရင်းသူနဲ့ ဒုက္ခသည်စခန်းမှ မိန်းကလေးတွေပါ ပါဝင်ကြောင်း၊ ပြည့်တန်ဆာအဖြစ် ဝယ်ယူသူတွေမှာလည်း ထိုင်းရဲအရာရှိတွေ၊ ဌာနဆိုင်ရာလူကြီးတွေပါ ပါဝင်တဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။ အမှုစစ်ဆေးရေးအဖွဲ့ထဲ ပါဝင်သူ ထိုင်းနိုင်ငံ လက်ထောက်မြို့နယ်ဦးစီးမှူးများသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ နိုင်းဘွန်းရလစ် နိပေါင်စနစ်က ဒီအမှုထဲမှာ ထိုင်းရဲအရာရှိတွေ၊ အစိုးရဝန်ထမ်းတွေပါ ပါဝင်ပတ်သက်နေတဲ့အတွက် ပုဂ္ဂိုလ်ရေးအရ အားနာပြီး  အရေးယူဆောင်ရွက်မှု နှောင့်နှေးနေတာလို့ သည်နေရှင်း တီဗွီသတင်းဌာနကို ပြောပါတယ်။ မယ်ဟောင်ဆောင်ခရိုင်ထဲမှာ မိန်းကလေးတွေကို ပြည့်တန်ဆာလို ပြုကျင့်ခိုင်းတဲ့ကိစ္စဟာ အရင်ကတည်းကရှိနေပြီး မယ်ဟောင်ဆောင်အတွက်တော့ ထူးခြားတဲ့ဖြစ်ရပ် မဟုတ်တော့ကြောင်း၊ အဲဒီဒေသကို ရောက်သွားတဲ့ တချို့အရာရှိတွေ၊ ဝန်ထမ်းတွေဟာ  သူတို့ကို ဖျော်ဖြေပေးဖို့ မိန်းကလေးတွေ လိုအပ်ရင် အောက်လက်ငယ်သား ရဲတွေက ရှာဖွေပေးရကြောင်း၊ ထိုင်းနယ်စပ်က တောင်ပေါ်တိုင်းရင်းသူတွေ၊ ဒုက္ခသည်စခန်းက မိန်းကလေးတွေဟာ အကြောက်တရား အလွန်ကြီးတဲ့အတွက် ရဲတွေက ဒါကို အခွင့်ကောင်းယူကာ မိန်းကလေးတွေကို ခြိမ်းခြောက်ပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့တာဖြစ်ကြောင်း စုံစမ်းသိရှိရတယ်လို့ သူက ဆက်ပြောပါတယ်။ မိန်းကလေးတွေထဲမှာ အများအားဖြင့် အသက် ၁၈ - ၁၉ ရွယ်ရှိပြီး အငယ်ဆုံးမှာ အသက် ၁၅ နှစ်အောက်လည်း တွေ့ရှိရကြောင်း၊ အဲဒီမိန်းကလေးတွေကို ပြည့်တန်ဆာအဖြစ် ဝယ်ယူသူများမှာလည်း ဒု-ရဲမှူးအဆင့်ရှိ အရာရှိတွေ၊ ကျောင်းဆရာတွေ၊ ကုန်းလမ်း သည်ယူပို့ဆောင်ရေး ဦးစီးဌာနမှ အရာရှိတွေ စုစုပေါင်း ဆယ်ဦးအထက်မှာရှိတယ်လို့ နိုင်းဘွန်းရလစ်က သတင်းဌာနကို ပြောပါတယ်။ မိန်းကလေးတွေ ပြည့်တန်ဆာပြုခံရတာနဲ့ ပတ်သက်ပြီး ထိုင်းမြောက်ပိုင်း တိုင်းဒေသ အမှတ် ၅ ရဲဌာနချုပ်ကတော့ သူတို့အနေနဲ့ ရဲတပ်ကြပ်ကြီးကို ပြောင်းရွှေ့မိန့်ပေးခဲ့သလို  မိန်းကလေးမှ ပြည့်တန်ဆာအဖြစ် သွားရောက်ဖျော်ဖြေပေးခဲ့ရတဲ့ အရာရှိတွေကိုလည်း စုံစမ်း စစ်ဆေးလျက်ရှိကြောင်း၊ မကြာခင်ရက်ပိုင်းအတွင်းမှာလည်း မယ်ဟောင်ဆောင်သို့ ထပ်မံကွင်းဆင်း စစ်ဆေးမယ့်အကြောင်း ဧပြီ ၂၂ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ရှင်းလင်းခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up