Home
မြန်မာသတင်း
နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ၃၅ ဦး​ ​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ​တွေ့​ဆုံ
အေးနိုင်
·
January 23, 2012
နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ၃၅ ဦး​ဟာ ဒီက​နေ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို သွား​ရောက်​တွေ့​ဆုံခဲ့​ကြပြီး​ ​ရွေး​ကောက်ပွဲကိစ္စ နိုင်ငံ​ရေး​အကျဉ်း​သား​ကိစ္စနဲ့​ ပညာ​ရေး​ကိစ္စ​တွေ ​ဆွေး​နွေး​ခဲ့​ပါတယ်။ ​တွေ့​ဆုံပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က သူတို့​တတွေကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်တွင်း​ကို ဝင်​ရောက်​ဆောင်ရွက်ကြဖို့​ ကမ်း​လှမ်း​သလို ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အဖွဲ့​ချုပ် အနိုင်ရရှိ​ဆောင် ပံ့​ပိုး​ကြဖို့​ ကမ်း​လှမ်း​ခဲ့​တယ်လို့​ အဲဒီပွဲကို​ရောက်ခဲ့​တဲ့​ မခင်မိုး​အေး​က ​ပြောပါတယ်။ “အဓိကရည်ရွယ်ချက်က​တော့​ အန်တီအခုသွား​မယ့်​ ​ရွေး​ကောက်ပွဲကို ဝန်း​ရံ​ရေး​၊​ ဝင်ချင်တဲ့​လူ​တွေကလည်း​ အန်အယ်လ်ဒီကို ဝင်​ရောက်ပြီး​ ဝိုင်း​ရံ​ရေး​ပေါ့​နော်။ ဒါ​လေး​ကို ဦး​တည်ပြီး​ အန်တီနဲ့​ ​ဆွေး​နွေး​တဲ့​အချိန်မှာ သူ့​အ​နေနဲ့​က​တော့​ ဒီ​ရွေး​ကောက်ပွဲမှာ သူ့​ကို နိုင်​အောင်လို့​ ဝိုင်း​ပြီး​တော့​ လုပ်​ပေး​ကြပါ။ ​နောက် အန်အယ်လ်ဒီကို တတ်နိုင်ရင်လည်း​ ဝင်ကြပါ​ပေါ့​နော် အန်တီက အဲဒီလို​ပြောတယ်။ ကျမတို့​အား​လုံး​ကလည်း​ နိုင်တဲ့​ဘက်က​နေပြီး​တော့​ ဝင်ချင်တဲ့​လူ​တွေလည်း​ ရှိကြသလို၊​ မဝင်ဘူး​ဆိုရင်လည်း​ ​ဘေး​က​နေပြီး​တော့​ ကျမတို့​ တတ်နိုင်သ​လောက် ​အောင်နိုင်​ရေး​အတွက် ဝိုင်း​လုပ်​ပေး​ကြမယ်လို့​ ကျမတို့​ ဒီ​နေ့​ အဲဒါကို ​ပြောခဲ့​ကြပါတယ် ​ဆွေး​နွေး​ခဲ့​ကြပါတယ်။” ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ​တော့​ အနိမ့်​ဆုံး​အား​ဖြင့်​ ပြည်သူလူထုအတွက် ​ရွေး​ကောက်ပွဲနဲ့​ စပ်လျဉ်း​တဲ့​ ပညာ​ပေး​ရေး​ လုပ်ငန်း​တွေမှာ ပူး​ပေါင်း​ဆောင်ရွက်ကြဖို့​ လည်း​ သူတို့​ဘက်က ကတိပြုခဲ့​ကြပါတယ်လို့​ ဆိုပါတယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေက သူတို့​ပြုစုထား​တဲ့​ စာရင်း​အရ ဒီလ ၁၃ ရက်​နေ့​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၃၀၂ ဦး​ လွတ်လာတဲ့​စာရင်း​နဲ့​ လက်လှမ်း​မီသ​လောက် အကျဉ်း​ထောင်​တွေထဲမှာ ကျန်ရှိတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၃၇၅ ဦး​ စာရင်း​ကို ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဒီက​နေ့​ ​ပေး​အပ်လိုက်တယ်လို့​ သူက ​ပြောပါတယ်။ ပြည်သူလူထုရဲ့​ စား​ဝတ်​နေ​ရေး​အခက်အခဲ​တွေ အ​ခြေအ​နေ​တွေကို လက်လှမ်း​မီသ​လောက် ကွင်း​ဆင်း​ပြီး​ စာတမ်း​ပြုစုတင်ပြ​ပေး​ဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဒီက​နေ့​တွေ့​ဆုံရာမှာ ​မေတ္တာရပ်ခံတယ်လို့​ ဆိုပါတယ်။ နိုင်ငံ​ရေး​လုပ်ရင်း​ ​ထောင်ကျလို့​ ပညာ​ရေး​ တပိုင်း​တစ ဖြစ်ခဲ့​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေအတွက် ​ဒေါ်​အောင်ဆန်း​စုကြည်က ကြိုး​ပမ်း​ ​ဆောင်ရွက်​နေတယ်ဆိုတာ သိခဲ့​ရတယ်လို့​ သွား​တွေ့​သူ တဦး​ ဖြစ်တဲ့​ ကိုထွန်း​ကြည်က ​ပြောပါတယ်။ “သူ့​သား​တွေ၊​ သူ့​တူ​တွေ၊​ မိသား​စုလို သူက ခံယူပြီး​တော့​ဗျာ ကျ​နော်တို့​ထဲမှာလည်း​ ​တော်​တော်များ​များ​များ​က ​ကျောင်း​ပညာကို ဆုံး​ခန်း​တိုင်​အောင် မသင်ဖြစ်လိုက်ဘူး​ပေါ့​ဗျာ။ အဲဒီအ​ပေါ်မှာ သူ့​အ​နေနဲ့​ အတတ်နိုင်ဆုံး​ ပညာ​ရေး​နဲ့​ ပတ်သက်လို့​ သူ အတတ်နိုင်ဆုံး​ ကျ​နော်တို့​ကို ဆုံး​ခန်း​တိုင်​အောင် ​နောက်ဆုံး​အဆင့်​ဗျာ၊​ စာ​ပေး​စာယူ နည်း​နဲ့​သော်လည်း​ကောင်း​၊​ ​နောက်​တော့​ ပြည်တွင်း​ကို ပြည်ပက ပညာရှင်​တွေကို ​ခေါ်ပြီး​တော့​ အဆင်​ပြေ​အောင် ​ဆောင်ကျဉ်း​ပေး​မယ်ဆိုတဲ့​ ကိစ္စ​တွေ ​ဆွေး​နွေး​ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024