Home
မြန်မာသတင်း
အမျိုးသမီးများအရေး ကူညီရန် ကလေးမြို့တွင် အမျိုးသမီးစင်တာ ဖွင့်လှစ်
DVB
·
April 24, 2017
ကလေးဒေသအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းစေရေး အမျိုးသမီးတွေကို ကူညီပေးမယ့် အမျိုးသမီးစင်တာကို ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက် ကြောင်ပန်းကျောင်းလမ်းမှာ ဒီနေ့ မနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စွမ်းရည်မြှင့်တင်ရေး တာဝန်ခံ ဒေါ်အားခူက“အမျိုးသားတွေအတွက်က စုဝေးတိုင်ပင်စရာ နေရာတွေ ပေါသလောက် အမျိုးသမီးတွေ အတွက်ကတော့ နေရာရှားပါတယ်။ နောက်ပြီး အမျိုးသမီးကိစ္စတွေမှာ နေရာတိုင်း ပြောလို့မရတဲ့ အခက်အခဲတွေလည်း ရှိတယ်။ လူတွေရှေ့မှာ တိုင်ပင်ဆွေးနွေးလို့ မကောင်းတဲ့ အမျိုးသမီး ကိစ္စတွေအတွက် လုံခြုံတဲ့ ဆွေးနွေးတိုင်ပင်စရာနေရာက ကျမတို့အတွက် မရှိဘူး။ ဒါကြောင့် ခုလို အမျိုးသမီးအရေးတွေ အတွက် အမျိုးသမီးစင်တာကို ဖွင့်လှစ်ရခြင်း ဖြစ်တယ်”လို့ ဆိုပါတယ်။ ယခုဖွင့်လှစ်လိုက်တဲ့ အမျိုးသမီးစင်တာဟာ ကလေးမြို့ရဲ့ ပထမဆုံး အမျိုးသမီးစင်တာ ဖြစ်ပြီး အခြား အမျိုးသမီးအရေးကိစ္စ အလျဉ်းသင့်သလို ကူညီနေတဲ့ အဖွဲ့အစည်းတချို့ကတော့ ကလေးမြို့မှာ ယခင်ကတည်းက ရှိနေတယ်လို့ သိရပါတယ်။ အမျိုးသမီးစင်တာအနေနဲ့ ဒီဒေသမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအတွက် လက်ရှိမူဝါဒတွေ ပြောင်းလဲသွားတဲ့အထိ ဆောင်ရွက်ဖို့ ရည်ရွယ်ထားပြီး အကြမ်းဖက်မှုကို ပြစ်မှုတခုအဖြစ် အမှန်အတိုင်း လူပတ်ဝန်းကျင်က သိလာနိုင်ရေး ဆောင်ရွက်ရာမှာတော့ အချိန်ကာလအများကြီးပေး ကြိုးစားရမယ်လို့လည်း ဒေါ်အားခူက ဆက်ပြောပါတယ်။ လက်ရှိ ၂၀၁၇ မှာတော့ အမျိုးသမီးစင်တာအနေနဲ့ သက်ငယ်မုဒိမ်းမှု တခုကို ကူညီနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ “အမျိုးသမီးစင်တာ ဖြစ်လာတဲ့အတွက် ဒီဒေသမှာရှိတဲ့ အမျိုးသမီးအရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်မယ်။ ဒီအတွက် ကျနော်တို့အနေနဲ့လည်း လိုအပ်တာ ကူညီပေးဖို့ လက်တွဲဆောင်ရွက်မယ်။ ဒီစင်တာဖြစ်လာတာကို ကြိုလည်း ကြိုဆိုပါတယ်” လို့ ကလေးမြို့ အထက်ချင်းတွင်းဒေသ လူငယ်ကွန်ရက် ဒါရိုက်တာ ကိုကျော်သက်ဝင်းက ပြောပါတယ်။ ယနေ့ ဖွင့်လှစ်တဲ့ အမျိုးသမီးစင်တာမှာ အမျိုးသမီးတွေအတွက် ဥပဒေရေးရာ နိုင်ငံရေးဆိုင်ရာစာပေတွေနဲ့ ဂျာနယ်တွေကိုပါ ဖတ်နိုင်၊ လေ့လာနိုင်ဖို့ စာကြည့်တိုက်ပါ ပူးတွဲဖွင့်လှစ်သွားမှာဖြစ်ပြီး စင်တာမဖွင့်ခင် ၂၀၁၆ ကတည်းက အမျိုးသမီးအရေး လှုပ်ရှားသူတွေဟာ အမျိုးသမီးများ အသိပညာဖွံ့ဖြိုးရေးနဲ့ စွမ်းရည်မြှင့်တင်ရေး သင်တန်းပေါင်း ၂၀ ကျော် ပြုလုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024