Live
Home
မြန်မာသတင်း
၂၁ ပင်လုံညီလာခံ မေ ၂၄ ရက်ကျင်းပမည်၊ အ၀တ်အစားလာပြတာမျိုး မလုပ်ရန်တိုက်တွန်း
DVB
·
April 24, 2017
မေလ ၂၄ ရက်နေ့မှာ ကျင်းပဖို့ ဆုံးဖြတ်ထားတဲ့ ဒုတိယအကြိမ် (၂၁) ပင်လုံညီလာခံမှာ အ၀တ်အစားလာပြတာမျိုးမဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးမှုတွေကို အကြိတ်အနယ် ဆွေးနွေးညှိနှိုင်း ကြဖို့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ဒုတိယအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ပင်လုံညီလာခံကို လာမယ့် မေလ ၂၄ ရက်နေ့မှာ ကျင်းပသွားဖို့ ဒီကနေ့မနက် နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) အကောင်အထည်ဖော်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ခွန်ဥက္ကာက“မနက်ပိုင်းသဘောတူတာကတော့ မေလ ၂၄ ရက်နေ့ပေါ့ ၊ လေးချက်ညီပေါ့။ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ EAO အားလုံး စုံစုံညီညီတက်ရောက်နိုင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ဘာတို့ တက်နိုင်မယ့်ရက်က ၂၄ ။ အဲ့ဒါကို အကြိတ်အနယ် ဆွေးနွေးပြီးတော့ သဘောတူလိုက်တယ်ပေါ့”လို့ နေ့လည်ပိုင်း အစည်းအဝေးခေတ္တ နားစဉ် ပြောပါတယ်။ ဒုတိယအကြိမ် ပင်လုံညီလာခံကိုလည်း နေပြည်တော်မှာပဲ (၅) ရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီကနေ့ကျင်းပနေတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့လည်း အမှာစကားတွေ ပြောကြားခဲ့ပါတယ်။ သတင်း - အောင်ကိုကိုလတ် (နေပြည်တော်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024