လူ့အခွင့်အရေးဟုဆိုပါက အစိုးရသစ်နှင့်အဟောင်းကို ခွဲမြင်ရန်လိုဟု ပြော
DVB
·
January 23, 2012
၂၀၁၁ ခုနှစ်မှာ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေ နိမ့်ကျတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (အိပ်ခ်ျအာဒဗလျူ) ရဲ့ ပြောဆိုချက်ဟာ သဘာဝမကျဘူးလို့ မြန်မာ့အမျိုးသား လူ့အခွင့်အရေးကော်မရှင်က တုံ့ပြန်လိုက်ပါတယ်။
အိပ်ခ်ျအာဒဗလျူရဲ့ ထုတ်ပြန်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာ၊ သမ္မတနဲ့ တွေ့တာ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပေါ်လာတာ၊ အကျဉ်းသား လွှတ်ပေးတာတွေကို မျက်ကွယ်ပြုသလို ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က တုံ့ပြန်လိုက်တာပါ။
“၂၀၁၁ ခု တနှစ်လုံးကို သိမ်းကျုံးပြောမယ်ဆိုရင်တော့ သိပ်သဘာဝမကျ မမျှတဘူးလို့ မြင်ပါတယ်။ ၂၀၁၁ ခုပဲ အပိုင်းလေး ခွဲပြောမယ်ဆိုရင်တော့ သဘာဝကျမယ်လို့ မြင်ပါတယ်။”
အိပ်ခ်ျအာဒဗလျူရဲ့ ကြေညာချက်ထဲ ၂၀၁၁ မှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ် လွတ်မြောက်လာပြီး အပစ်ရပ်သဘောတူချက် ပျက်ခဲ့တာတွေ စစ်ပွဲတွေမှာ အဓမ္မခိုင်းစေမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ၊ လူသားဒိုင်း အသုံးပြုတာတွေ၊ အရပ်သားတွေကို ခွဲခြားမှုမရှိ တိုက်ခိုက်တာတွေကို ထောက်ပြထားပြီး စစ်တပ်မှာ တာဝန်ရှိတယ်လို့ ရေးသားထားပါတယ်။
ဦးစစ်မြိုင်ကတော့ အစိုးရက လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းပေးတာ၊ လူ့အခွင့်အရေးတွေကို ထိန်းသိမ်း မြှင့်တင်ဖို့ တာဝန်များပေးအပ်ခဲ့တာ၊ နိုင်ငံရေး အကျဉ်းသားတွေကို အကြိမ်ကြိမ် လွှတ်ပေးတာတွေ ရှိတယ်လို့ တုံ့ပြန်ပါတယ်။
၂၀၁၁ မှာ သူတို့ ကော်မရှင်ဟာ ကချင်ပြည်နယ်ကိုသွားရောက် လေ့လာဆန်းစစ်ခဲ့ပြီး စစ်ပွဲကြောင့် ပြည်သူလူထုနစ်နာမှုတွေ တွေ့ခဲ့ရတယ်လို့ သူကဆိုပါတယ်။
“အဲဒီမှာ ပြည်သူလူထုတွေ ထိခိုက်နစ်နာမှုတွေ ရှိခဲ့တယ်ဆိုတာကိုတော့ ကျနော်တို့အနေနဲ့ မငြင်းလိုပါဘူး။ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ကျတဲ့ အခါမှာ ပဋိပက္ခတွေ ဖြစ်တဲ့အခါမှာ ကြားက မြေဇာပင် ပြည်သူလူထုတွေ ထိခိုက်နစ်နာမှု ရှိတာတော့ အမှန်ပါဘဲ၊ စိတ်ပိုင်းဆိုင်ရာလည်း ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာလည်း ဖြစ်ပါတယ်၊ စီးပွားရေးပိုင်းဆိုင်ရာလည်း ဖြစ်ပါတယ်။ သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေ ရှိတယ် ဆိုတာလည်း မှန်ပါတယ်။ သို့သော် ဒါတွေဟာလည်း ဘယ်သူ့ကြောင့် ဖြစ်တယ်၊ ဘယ်အဖွဲ့ကြောင့် ဖြစ်တယ်ဆိုတာလည်း လေ့လာ ဆန်းစစ်မှသာ အဖြေမှန်က ထွက်နိုင်မှာပါ။ ဒါက ကျနော်တို့ တွေ့ခဲ့မြင်ခဲ့တာကို တင်ပြခြင်းဖြစ်ပါတယ်။”
ဒါ့အပြင် မြစ်ကြီးနားနဲ့ အင်းစိန်ထောင်တွေကို စစ်ဆေးတုန်းကလည်း အခြေအနေ တိုးတက်တာ မြင်တွေ့ခဲ့တယ်လို့ သူက ပြောပါတယ်။
အိပ်ခ်ျအာဒဗလျူ အာရှရုံးခွဲက အဆင့်မြင့် သုတေသီ ဒေးဗစ်စကော့ မက်သီဆန်ကတော့ ၂၀၁၁ မှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ လွတ်ခဲ့ပြီး အများစု လွတ်တာဟာ ၂၀၁၂ နှစ်ဦးမှ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ပြောတာကတော့ တိုင်းရင်းသား ဒေသတွေမှာ အထူးသဖြင့် ကချင်ပြည်နယ်မှာ ပဋိပက္ခတွေ ပိုဖြစ်နေပြီးတော့ ထွက်ပြေးတိမ်းရှောင် နေရတဲ့ ဒုက္ခသည်တွေနဲ့ အရပ်သားတွေကို မတော်မတရား လုပ်တာတွေနဲ့ အခြေအနေတွေက ပိုဆိုးဝါး နေပါတယ်။ တိုင်းပြည်အတွင်းမှာ မျှော်လင့်ချက်နဲ့ စိတ်ဝင်စားဖွယ် အပြောင်းအလဲတွေ ရှိခဲ့ပေမယ်လည်း ကံမကောင်းစွာနဲ့ မြန်မာပြည်ရဲ့ နေရာ အတော်များများမှာတော့ လူ့အခွင့်အရေးကတော့ မတိုးတက်လာပါဘူး။”
၂၀၁၂ နှစ်ဆန်းမှာတော့ မြန်မာအစိုးရက ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား အတော်များများကို ပြန်လွှတ်ပေးခဲ့သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တဖွဲ့ချင်း အပစ်ရပ် ဆွေးနွေးနေပါတယ်။