A d v e r t i s e m e n t With Us

ရီးရဲလ်ကို အနိုင်ယူပြီး ဘာစီလိုနာ အမှတ်ပေးဇယားထိပ်ဆုံးရောက် (ရုပ်သံဟိုက်လိုက်)

စပိန် လာလီဂါပွဲစဉ်အဖြစ် ထိပ်သီးကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ဧပြီ ၂၃ ရက်ညက ယှဉ်ပြိုင်ရာ ဘာစီလိုနာက တိုက်စစ်မှူး မက်ဆီရဲ့ ခြေစွမ်းပြ ဂိုးသွင်းမှုတွေနဲ့အတူ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ရီးရဲလ် အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ဘာစီလိုနာက ကစားနေကျပုံစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ ရီးရဲလ်က အသာရခဲ့ပါတယ်။ အဖွင့်ဂိုးကိုတော့ ရီးရဲလ်က ရယူနိုင်ခဲ့တာဖြစ်ပြီး ပွဲချိန် ၂၈ မိနစ်မှာ ကတ်စ်မဲရိုးက သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၃ မိနစ်မှာ ဘာစီလိုနာအတွက် မက်ဆီက ချေပဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ တဂိုးစီသရေကျခဲ့ပါတယ်။ ဒီ့နောက် ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို ၇၃ မိနစ်မှာ ရာကီတစ်က သွင်းယူပေးခဲ့ပြီး ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာ ရီးရဲလ်နောက်ခံလူ ရာမို့စ် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့လည်း ရီးရဲလ် ဆယ်ယောက်တည်းနဲ့ ဆက်ကစားခဲ့ရပါတယ်။ ဒီ့နောက် ရီးရဲလ်အတွက် ချေပဂိုးကို ၈၅ မိနစ်မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က သွင်းယူပေးခဲ့ပေမယ့် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ မက်ဆီက အနိုင်ဂိုးသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ဘာစီလိုနာက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲအနိုင်ရခဲ့တဲ့ ဘာစီလိုနာဟာ ရီးရဲလ်ထက် တပွဲပိုကစားပြီး ရမှတ် ၇၅ မှတ်နဲ့ ရမှတ်ချင်း တူပေမယ့် ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်ထားနိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up