A d v e r t i s e m e n t With Us

လှလှပပသေဆုံးနိုင်ဖို့ ကြိုတင်စီစဉ်ခဲ့သည့် ကင်ဆာဝေဒနာရှင် မော်ဒယ်မလေးရဲ့ လွမ်းပုံပြင်

ဓာတ်ပုံ - ဖေ့စ်ဘွတ်ခ်
ဖိလစ်ပိုင်နိုင်ငံမှ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ မော်ဒယ် မိန်းကလေးတဦးဟာ အရိုးကင်ဆာရောဂါကို ခံစားနေခဲ့ရပြီး သူသေဆုံးမယ့်အချိန်ကို ကြိုတင်သိနှင့်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ သေဆုံးတော့မယ့် အချိန်မှာ လှလှပပ သေဆုံးနိုင်ဖို့အတွက် ကြိုတင်စီစဉ်ခဲ့ပါတယ်။ ဓာတ်ပုံမော်ဒယ် ရေဆင်းပရီဂွန်တာဟာ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ နေထိုင်တာဖြစ်ပြီး သူမရဲ့ အသုဘအခမ်းအနားအတွက် လုပ်ဆောင်ရမယ့် အသေးစိတ် အချက်အလက်တွေကို မိသားစုကို မှာကြားခဲ့တာဖြစ်တယ်လို့ မေရာသတင်းမှာ ဧပြီ ၂၃ ရက်နေ့က ဖော်ပြပါတယ်။ “ကျမ သေတဲ့အခါ လှလှပပလေး သေဆုံးချင်ပါတယ်” လို့ သူက ပြောခဲ့တာပါ။ သေဆုံးပြီး မြှုပ်နှံတဲ့အခါ သူ့ကို အကောင်းဆုံးဂါဝန်နဲ့ ပန်းတွေပါတဲ့ ခေါင်းစီးကြိုး ဝတ်ဆင်ပေးဖို့နဲ့ သူကြိုက်တဲ့ အရောင်တွေနဲ့ မိတ်ကပ်လိမ်းခြယ်ဖို့တွေကိုပါ သေချာမှာကြားခဲ့တာပါ။ သူ့ရဲ့ နောက်ဆုံးနှုတ်ဆက်နေ့ကတော့ သူဖြစ်စေချင်သလို ဖြစ်ခဲ့တယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။ သူ့ရဲ့ အသုဘအခမ်းအနားမှာ ဖွင့်ထားတဲ့ ခေါင်းတလားထဲမှာ လှလှပပ ပြင်ဆင်ထားတဲ့ ကြေကွဲဖွယ် ဓာတ်ပုံတွေကို မိသားစုက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မျှဝေခဲ့ပြီး “ဆန္ဒတွေ ဖြည့်ဆည်းပေးပြီးပါပြီ” လို့ ရေးသားထားပါတယ်။ ရေဆင်းပရီဂွန်တာဟာ အရိုးကင်ဆာရောဂါတမျိုးကို အပြင်းအထန် ခံစားခဲ့ရပြီး ဖိလစ်ပိုင်တောင်ပိုင်းက ဒါဗာအို ဆိပ်ကမ်းမြို့ကလေးမှာ ဧပြီ ၁၇ ရက်နေ့က သေဆုံးခဲ့တာပါ။ ဖိလစ်ပိုင် ဟာသကားတကားဖြစ်တဲ့ “Die Beautiful” ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေကြည့်ပြီး ရေဆင်းက ဒီလို တောင်းဆိုမှုလုပ်ခဲ့တာလို့ အစ်မဖြစ်သူ ရိုလင်းက ပြောပါတယ်။ ရုပ်ရှင်ထဲမှာ လိင်ပြောင်းထားတဲ့ အမျိုးသမီးက အလှမယ်ဘွဲ့ရလို့ သရဖူဆောင်းနေတုန်းမှာ သေဆုံးခဲ့တာဖြစ်ပြီး ရုပ်ရှင်ထဲမှ သရုပ်ဆောင်က ညစဉ်ညတိုင်း သူနိုးထလာတဲ့အခါ နာမည်ကြီး အမျိုးမျိုးတို့ရဲ့ ပုံနဲ့ နိုးထလာချင်တဲ့ ဆန္ဒရှိကြောင်း သရုပ်ဆောင်ထားခဲ့တာပါ။ ရေဆင်းဟာ သူ့ရဲ့ မိတ်ကပ်ပြင်သူကိုလည်း ရုပ်အလောင်းမြှုပ်နှံတဲ့အခါ မိတ်ကပ်ပြင်ပေးဖို့ မှာခဲ့တာဖြစ်တယ်လို့ အစ်မဖြစ်သူက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ရုပ်အလောင်းကိုလည်း ဖခင်ဖြစ်သူရဲ့ ရုပ်အလောင်း မြှုပ်နှံထားရာ မြေကွက်ဘေးမှာ မြှုပ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ “ဒီနေ့တော့ ညီမလေးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးပြီးပါပြီ။ အခု ညီမလေး ပြုံးနေတာကို အစ်မမြင်ရတယ်" လို့ အစ်မဖြစ်သူက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေဟာ စုဆုံကြပြီး ထာဝရ လှလှပပလေး အိပ်ပျော်သွားတဲ့ ရေဆင်းကို နောက်ဆုံးအနေနဲ့ လာရောက် နှုတ်ဆက်ခဲ့ကြပါတယ်။ “မင်းက ငါတို့ရဲ့ နှလုံးသားထဲမှာ အမြဲထာဝရ ရှိနေမှာပါ” လို့ အစ်မဖြစ်သူက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးခဲ့သလို ရေဆင်း ဒီလိုဆုံးဖြတ်ဖို့ စေ့ဆော်ပေးခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်က ပေးပို့ခဲ့တဲ့ စာတိုလေးကိုလည်း မျှဝေထားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up