မြန်မာဘောလုံးအသင်း တိုက်စစ်မှူး ကျော်ကိုကိုရဲ့ ခြေစွမ်းကို ဂျာမန်ဘွန်ဒတ်စ်လီဂါ ကလပ်တွေမှာ စမ်းသပ်ဖို့ စီစဉ်နေပါတယ်။

- ကျော်ကိုကို ဖိလစ်ပိုင်အသင်းဘက် ဂိုးသွင်းယူနေစဉ် (ဆီးဂိမ်း)
တိုက်စစ်မှူး ကျော်ကိုကိုရဲ့ ခြေစွမ်းကို စမ်းသပ်ဖို့အတွက်ဘောလုံးအေးဂျင့်ဆီကနေ ဆက်သွယ် ကမ်းလှမ်းတာပါ။
ဒါနဲ့ ပက်သက်လို့ ကျော်ကိုကိုရဲ့ ကလပ် ဖြစ်တဲ့ ဇေယျာရွှေမြေအသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးနီပေါက အခုလို ပြောပါတယ်။
“အေးဂျင့် တယောက် ကျနော်တို့ဆီကို ဆက်သွယ်လာတာ။ ရိုးမေးနီးယား အေးဂျင့်က။ ကျနော်တို့က ခြေစွမ်းစတက်ပြီးလို့ သူက ကွာလဖိုင်း ဖြစ်တဲ့အချိန်ကျရင် သူ့ရဲ့ ပထမ ကန်ထရိုက်မှာ ဒေါ်လာ ၅၀၀၀ ကနေပြီးတော့ ၇၀၀၀ စရမှာ။”
တကယ်လို့ ဂျာမန်ကလပ်တခုခုက ခြေစွမ်းကို သဘောကျလို့ ခေါ်ယူခဲ့ရင် ဇေယျာရွှေမြေ အနေနဲ့ သူတို့ တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ဒေါ်လာ ၅ သိန်းဝန်းကျင်လောက် ရနိုင်တယ်လို့လည်း ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အေးဂျင့်က ကမ်းလှမ်းတဲ့ အပေါ်မှာ ဇေယျာရွှေမြေအသင်းရဲ့ အသင်းရဲ့ ဒုဥက္ကဋ္ဌက ခုလို ပြောပါတယ်။
“ကျနော်တို့ကတော့ လွှတ်မှာပေါ့။ ယူရိုပီယံလိဂ်ကို ကျနော်တို့ ဗမာနေရှင်နယ် တယောက်အနေနဲ့ တခါသွားတယ်။ ကစားသမားတွေနဲ့ ဂျာမန်ကလပ်တွေမှာ ကစားရမှာ အဆင့်မြင့်လာမှာပေါ့။ မြင့်လာတော့ ပိုကောင်းသွားတာပေါ့။”
အေးဂျင့်ရဲ့ ကမ်းလှမ်းချက် အပေါ်မှာ အသင်းအနေနဲ့လည်း မြန်မာဘောလုံးအဖွဲ့ချုပ်ကို အကြောင်းကြားစာ ပို့ထားပြီး ဖြစ်ကြောင်း ဆက်ပြောပါတယ်။
အခုကမ်းလှမ်းချက်အပေါ် အသက် ၂၀ ပဲ ရှိသေးတဲ့ ကာယကံရှင် ကိုကျော်ကိုကိုက “ကမ်းလှမ်းမှုက ကျနော့်အတွက် အခွင့်အရေး တခုပဲပေါ့။ တကယ်ဖြစ်လာမယ် ဆိုရင်လည်း ကျနော်လည်း လိုလိုလားလား သွားချင်တယ်။ သွားရတဲ့အပေါ်မှာလည်း အဖြစ်သဘောမျိုး မဟုတ်ဘဲနဲ့ ဖြစ်အောင်ကို လုပ်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ပဲ ကျနော် သွားချင်တာပါ။”
တကယ်လို့ ကျော်ကိုကိုအနေနဲ့ ဘွန်ဒက်စ်လီဂါက ကလပ်တခုမှာ ကစားခွင့်ရပါက အာရှတိုက်ပြင်ပမှာ သွားကစားတဲ့ မြန်မာ ဘောလုံးသမားတွေထဲကနေ ပထမဆုံး ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။
တိုက်စစ်မှူး ကျော်ကိုကိုဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲ ခြေစွမ်းပြနိုင်လို့ ထင်ရှားလာသူ ဖြစ်ပြီး ဂိုးဝက်ဆိုက်ရဲ့ အရှေ့တောင်အာရှ အကောင်းဆုံး ကစားသမား ၅ ဦး စာရင်းမှာလည်း ရွေးချယ်ခြင်း ခံထားရပါတယ်။ ဒါ့အပြင် သူဟာ ၂၀၁၁ အတွက် မြန်မာနိုင်ငံရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားပါတယ်။