အာဖဂန် စစ်စခန်း တိုက်ခိုက်ခံရမှု သေဆုံးသူ ၁၄၀ ရှိပြီ

663
အာဖဂန်နစ္စတန်နိုင်ငံက စစ်စခန်းကို သောကြာနေ့က တိုက်ခိုက်မှုကြောင့် အာဖဂန်စစ်သည် သေဆုံးသူ ဦးရေဟာ အခု အယောက် ၁၄၀ ထိ မြင့်တက်သွားပြီလို့ အရာရှိတွေက စနေနှောင်းပိုင်းမှာ ပြောပါတယ်။
စစ်ဝတ်စုံ ဝတ်ဆင်ပြီး ရုပ်ဖျက်ထားတဲ့ တာလီဘန်တွေ ဝင်တိုက်ခဲ့လို့ သေဆုံးသူ အများဆုံး တိုက်ခိုက်မှု ဖြစ်လာတယ်လို့လည်း ပြောပါတယ်။
အာဖဂန်စစ်သည် အယောက် ၁၀၀ ကျော် သေဆုံးဒဏ်ရာရတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
အလောင်း ၁၅၀ ကျော်ပြီး လူအယောက် ၇၀ ကျော်ကို ဆေးရုံကို တင်ပို့ထားရတယ်လို့ တိုက်ခိုက်မှု ဖြစ်ပွားရာ မာဇာအီရှရစ်ဖ်ခရိုင်က အာဖဂန်ခရိုင်ကောင်စီဝင်တယောက်က ပြောပါတယ်။
အာဖဂန်အစိုးရနဲ့ ကျောထောက်နောက်ခံပေးသူ နိုင်ငံတကာတပ်တွေက တာလီဘန် သူပုန်တွေကို နှိမ်နင်းဖို့ ဘယ်လို ရုန်းကန် နေရတယ်ဆိုတာ ဒီဖြစ်ရပ်က ပြနေတယ်လို့ မီဒီယာ တွေက သုံးသပ်ပါတယ်။
တာလီဘန်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံကို ၁၀ နှစ်ကျော်ကြာ အုပ်ချုပ်ခဲ့ပါတယ်။ တာလီဘန်တိုက်ခိုက်ရေးသမား ၁၀ ယောက်ဟာ အာဖဂန်စစ်ဝတ်စုံတွေ ဝတ်ပြီး စစ်ကားတွေကို မောင်းဝင်လာခဲ့တာပါ။
အဲဒီနောက် သောကြာနေ့ ဝတ်ပြုပွဲအပြီး ဗလီက ထွက်လာတဲ့ စစ်သည်တွေနဲ့ စားရိပ်သာ တွေမှာ လက်နက်မဲ့ စားသောက်နေတဲ့ စစ်သည်တွေကို ပစ်ခတ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
တိုက်ခိုက်သူတွေဟာ ပုခုံးထမ်း ဒုံးကျည်တွေ၊ ရိုင်ဖယ် သေနတ်တွေကို သုံးခဲ့တဲ့အပြင် လူအတော်များများကလည်း အသေခံ ဗုံးခွဲ ဝတ်စုံတွေကို ဖောက်ခွဲခဲ့ကြတယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။