မိုးညှင်းမြို့နယ်တွင် ယာဉ်တစီး တိမ်းမှောက်၊ ၈ ဦး ဒဏ်ရာရ
DVB
·
April 23, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန့်မွန်းကျေးရွာနဲ့ အုံးစံဆိုင် ကျေးရွာကြားမှာ ဧပြီ ၂၂ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်က ယာဉ်တစီး တိမ်းမှောက်ခဲ့ပြီး လူ ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။
အင်းတော်ကြီးရွှေမဉ္ဇူ ရေလယ်ဘုရားက ဘုရားဖူးပြန်လာတဲ့ ယာဉ်မောင်း ကျော်ဇေယျ မောင်းနှင်လာတဲ့ လိုက်ထရပ်ယာဉ်မှာ ခရီးသည် ၁၅ ဦးကိုတင်ဆောင်ပြီး နန့်မွန်းကျေးရွာမှ ၃ မိုင်လောက်အကွာ တောင်အတက်မှာ အရှိန်မထိမ်းနိုင်ဘဲ လမ်းဝဲဘက်ကို တိမ်းမှောက်သွားတာ လို့သိရပါ တယ်။
ခရီးသည် ၈ ဦး ဒဏ်ရာရရှိခဲ့လို့ မိုးညှင်းခရိုင်ပြည်သူ့ ဆေးရုံကြီးကို လုံးတုံရဲစခန်းမှ ဒုရဲအုပ်ဝေမင်းဖြိုးက ရဲဆေးစာနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
လုံးတုံ ရဲစခန်းက ယာဉ်မောင်းကျော်ဇေယျ ကို ပုဒ်မ-၃၃၇/၃၃၈ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကလည်း ယာဉ်တစီးတိမ်းမှောက်ခဲ့လို့ ဘုန်းတော်ကြီးတပါး ပျံလွန်ခဲ့ပြီး လူအချို့ ဒဏ်ရာရရှိခဲ့လို့ မိုးညှင်းခရိုင် ဆေးရုံကြီးမှာ တက်ရောက်နေဆဲဖြစ်ကြောင်း သိရပါတယ်။
သတင်းဓာတ်ပုံ - မုန်းမုန်းမင်း