Home
မေးမြန်းခန်း
ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့ ၈၈ မျိုးဆက်ကျောင်းသားများ တိုက်တွန်း
နေသွင်
·
January 22, 2012
ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်ဖို့ အကျဉ်းထောင်တွေကနေ ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက  တိုက်တွန်းလိုက်ပါတယ်။ ရန်ကုန်မြို့ တော်ဝင်စင်တာမှာ ပထမဆုံးလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကနေ တိုက်တွန်းလိုက်တာပါ။ သတင်းစာ ရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ စတဲ့ ၈၈ မျိုးဆက်​ ​ကျောင်းသားတွေက​ ​ပြည်တွင်းပြည်ပ မီဒီယာတွေက​ ​မေးမြန်းတာတွေကို​ ​ပြန်လည်​ ​ဖြေကြားခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတွေက ဆိုပါတယ်။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ သဘာထားနဲ့ပတ်သက်ပြီး ပြန်လည်လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို မေးမြန်းထားပါတယ်။ ၈၈ က ဘယ်လမ်းကြောင်းကို သွားမှာလဲခင်ဗျ။ ရွေးကောက်ပွဲလမ်းကြောင်းကို သွားမှာလား။ ဒါမှမဟုတ်ရင် ရွေးကောက်ပွဲ မ၀င်ဘဲနဲ့ သွားမှာလားဆိုတာပေါ့။ “အခု အဓိကတော့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကျနော်တို့ သဘောထားကို ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ်ဆိုတာက ကြားဖြတ်ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် ၀င်ခြင်းကို လက်ခံတဲ့သဘောပေါ့။ နောက်တခုကတော့ ဒီဆုံးဖြတ်ချက်က ဘာပဲပြောပြော စွန့်စားပြီးတော့ ဆုံးဖြတ်ရတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ဒီဟာကို ကျနော်တို့က ၀ိုင်းပြီးတော့ ပံ့ပိုးကူညီသွားမယ်ဆိုတာကို ကျနော်တို့က ဒါကို သဘောထား ထုတ်ပြန်ထားတာပါ။” ၈၈ မျိုးဆက်တွေ အနေနဲ့တော့ ဘယ်လိုပုံစံနဲ့ ဆက်သွားမလဲ။ ဥပမာ တိတိကျကျဆိုရင် ပါတီဖွဲ့မလား ဆိုတာမျိုးကို တချို့စိတ်ဝင်စားနေကြတယ်။ အဲဒီတော့ ကိုကိုကြီး ဘယ်လိုများ ပြောချင်ပါလဲ။ “အခုလောလောဆယ်တော့ ကျနော်တို့ တိတိကျကျ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဆိုလိုတာက ကျနော်တို့ထဲမှာ ကျောင်းသားနိုင်ငံရေးကနေ အသက်အရွယ်တွေလည်း ရလာပြီ။ နို်င်ငံရေးကို ထိထိရောက်ရောက် ထဲထဲဝင်ဝင် ဆောင်ရွက်တဲ့ ပုံသဏ္ဍာန် တခုလည်း ဆန္ဒရှိတဲ့၊ စိတ်ကူးရှိတဲ့ အင်အားစုတွေ ရှိပါတယ်။ အဲဒီတော့ တချိန်တည်းမှာပဲ တခြား ပုံသဏ္ဍာန်  မျိုးစုံနဲ့ဆက်ပြီးတော့ လှုပ်ရှားသွားကြမှာပါ။” ဆိုလိုတာက အခုချိန်မှာတော့ ယေဘုယျ သဘောလောက်ပဲ ရှိနေတာပေါ့။ “ဟုတ်ပါတယ်။” တိတိကျကျ ခုနလို လမ်းကြောင်းနှစ်ခု ဆိုတာမျိုးတော့ ထင်ထင်ရှားရှားတော့ မရှိသေးဘူးပေါ့။ ယေဘုယျ ဆွေးနွေးနေတဲ့ အဆင့်လောက်ပဲ ပြောလို့ရမယ်ပေါ့။ “ဟုတ်ပါတယ်။ ယေဘုယျအားဖြင့်တော့ လွတ်လာတဲ့အချိန်မှာ အချို့က မီဒီယာ အထိုက်အလျောက် ပွင့်လင်းလာတာကို အသုံးပြုပြီးတော့ ကျနော်တို့ပြည်သူတွေနဲ့ ထိတွေ့နိုင်ဖို့အတွက် ကျနော်တို့ စပြီးတော့ ကြိုးစားနေတဲ့ ပွဲလေးပါ။” ၈၈ ကနေ တလျှောက်လုံး အခက်အခဲတွေ ကြားထဲမှာလည်း တစုတစည်းတည်း သွားခဲ့တဲ့ပုံစံမျိုး ဖြစ်ခဲ့တော့ အကယ်၍ ခုနလို သဘောထားတွေ အမျိုးမျိုး ဖြစ်တယ်ဆိုရင် ဥပမာ တဦးချင်းအနေနဲ့ ရွေးချယ်မှုတွေများ ရှိလာနိုင်မလား။ “ကျနော်တို့က သဘောထားတွေ အမျိုးမျိုး ရှိတယ်ဆိုတာက ဟန်ချက်ညီညီနဲ့ ဆက်ပြီးတော့ ပြောင်းသွားမှာပါ။ အထူးသဖြင့် ၈၈ မျိုးဆက် ကျောင်းသားများလို့ နာမည်ခံထားတာကိုက ကျနော်တို့ ၈၈ စတင်ခဲ့တာက အနှစ် ၂၀ ကျော် လာခဲ့ပြီ။ အဲဒီတော့ ဖြစ်သွားတဲ့ ပုံသဏ္ဍာန်တွေမှာ တယောက်နဲ့တယောက်ကြားမှာ နားလည်မှုရှိရှိနဲ့ တူညီတဲ့ပုံသဏ္ဍာန်တွေ ရှိကောင်းရှိမယ်။ ဒါပေမယ့် အဲဒါတွေအားလုံးဟာ ဟန်ချက်ညီညီနဲ့ ဆက်စပ်ပြီးတော့ ဆောင်ရွက်သွားမှာပါ။” နိုင်ငံတော် သမ္မတဦးဆောင်တဲ့ ဒီအစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာမျိုးကိုလည်း ထူးထူးခြားခြား တွေ့ရတယ်။ အဲဒါလေးကို နည်းနည်း ရှင်းပြပေးပါလား။ “အထူးသဖြင့်တော့ ကျနော်တို့ ၂၀၀၇ ခုနှစ် ဖမ်းခံရတဲ့အချိန်ကနေ ၂၀၁၂ ပြန်ထွက်လာတဲ့အချိန်မှာ တချို့အပြောင်းအလဲတွေ တွေ့ရပါတယ်။ ဒီအပြောင်းအလဲတွေထဲမှာ မီဒီယာပွင့်လင်းလာတာတွေပေါ့။ ဒါတွေလည်း အသိအမှတ်ပြုရမယ့် အချက်ပါ။ အဲတော့ ဒီထက်ပိုပြီးတော့ ရဲရဲတင်းတင်းနဲ့ ဒီထက်ပြောင်းလဲမှုတွေကို လုပ်လာမယ်ဆိုရင် သမ္မတ ဦးသိန်းစိန်အပါအ၀င် ပြုပြင်ပြောင်းလဲရေး သမားတွေကို ကျနော်တို့က အားပေးချင်တဲ့ တွန်းအားပေးချင်တဲ့သဘောပါ။ သူတို့ပြုပြင်ပြောင်းလဲမှုက အန္တရာယ်မရှိဘူး။ တိုင်းပြည်ကို ပိုပြီးလွတ်လပ်လာဖို့ အလားအလာကောင်းတွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့က အသိအမှတ်ပြုတဲ့အနေနဲ့ ကျနော်တို့ သဘောထား ထုတ်ပြန်တာပါ။” ကျနော်တို့ သိချင်တဲ့အချက်က စီးပွားရေးပိတ်ဆို့မှုကိစ္စကို ပြန်ပြောလာတာပေါ့လေ။ အခုလက်ရှိ နိုင်ငံရေး အပြောင်းအလဲတွေ တချို့တွေ့လာရတယ်ဆိုတဲ့ အပေါ်မှာ စီးပွားရေးပိတ်ဆို့မှုကို ပြန်ပြီးသုံးသပ်လာတယ်ဆိုတာမျိုး ပြောကြတယ်လို့ ပြန်ကြားရတယ်။ အဲဒီအပေါ်မှာ ၈၈ သဘောထား ဘယ်လိုများရှိပါသလဲ။ “အခုလည်း စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်ပြီးတော့ တဖြည်းဖြည်းနဲ့ ပြန်ပြီး ပွင့်လာတာ တွေ့ရတယ်။ အထူးသဖြင့်ဆိုရင် အရင်က သံတမန်ဆက်ဆံရေး မရှိတဲ့ အမေရိကန်လို နိုင်ငံမျိုးက သံအမတ်ကြီးအဖြစ် ခန့်အပ်မယ်ဆိုတဲ့ ကိစ္စမျိုးတွေ၊ အခြား ဆက်ဆံရေး တိုးမြှင့်လာတဲ့ကိစ္စတွေက ဒါက ကျနော်တို့ နိုင်ငံအတွင်းမှာရှိတဲ့ အမျိုးသား အင်အားစုတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြင့်လာတာနဲ့အမျှ စီးပွားရေးပိတ်ဆို့မှုတွေ ပြန်ပွင့်လာဖို့ ကိစ္စအပါအ၀င် တခြား ရင်းနှီးမြှုပ်နှံမှုတွေ ကျနော်တို့ နိုင်ငံအတွက် အကျိုးရှိမယ့် ကိစ္စတွေ အများကြီး ပေါ်ပေါက်လာမှာပါ။ အဲတော့ အဓိက က ကျနော်တို့က စီးပွားရေးပိတ်ဆို့မှု ကိစ္စတခုတည်းကို ပြောတာမဟုတ်ဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စအတွက် ကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ကြပါ။ လက်ရှိ ပြုပြင်ပြောင်းလဲရေး အဟုန်ကို မြှင့်တင်ဖို့ ကျနော်တို့က တွန်းအားပေးချင်တဲ့ သဘောပါ။” နောက်တချက်က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ လက်ရှိတွေ့ဆုံ ဆွေးနွေးရေးတွေ နံပါတ် ၅ မှာ​ ​ရေးထားတယ်။ ဖြစ်စဉ်တွေကို ပြန်ပြီးကျယ်ပြန့် ပြည့်စုံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်လာရေးဆိုတဲ့ဟာကို အဲဒီဟာကို တိတိကျကျ ဘယ်လိုများ ပြောချင်ပါသလဲ။ “ဆိုလိုတာက ကျနော်တို့က ပထမအဆင့် ကြိုးစားနေတာက သိရသလောက် အပစ်အခတ်ရပ်စဲရေး အဆင့်ကို ကြိုးစားနေကြတယ်။ တကယ်တော့ နိုင်ငံရေးအရ ပြေလည်တဲ့ ဖြေရှင်းတဲ့ ကျယ်ပြန့်တဲ့အဆင့် ဖြစ်လာဖို့အတွက်က ကျနော်တို့ဘက်က ပူးပေါင်းဆောင်ရွက်နိုင်တာတွေရှိရင် အခွင့်အလမ်းရလာခဲ့ရင် ကျနော်တို့က ဒါကို အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ချင်တယ်။ လုပ်ဖို့လည်း အဆင်သင့်ရှိတယ် ဆိုတာကို ကျနော်တို့ သဘောထားဖွင့်ပေးတဲ့ သဘောပါ။” ကြားထဲမှာကော ဒီ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိစ္စမျိုးတွေ၊ ဒီအပေါ်မှာကော ၈၈ သဘောထားက ဘယ်လိုများ ရှိပါသလဲ။ လက်ရှိအနေအထားအရ။ “ကျနော် သတင်းစာတွေက တဆင့်သိရတာက လက်ရှိအစိုးရ အဖွဲ့ဝင်ထဲက ပုဂ္ဂိုလ်တွေ၊ နောက်တခါ လွှတ်တော် ကိုယ်စားလှယ်တွေထဲကကော ပြောနေတာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုယ်တိုင်က ပြင်သင့်တာတွေရှိတယ်။ ပြင်ဆင်ဖို့ အသံတွေလည်း ကြားနေရတော့ ကြိုဆိုပါတယ်။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ နိုင်ငံရဲ့ ပြသနာတွေအားလုံးကို မဖြေရှင်းနိုင်ဘူးဆိုတာတော့ အားလုံးအသိအမှတ် ပြုရမယ့်ကိစ္စပါ။ ဒါကို ကျနော်တို့က လွှတ်တော်ပြင်ပမှာ တွေ့ဆုံ ဆွေးနွေးမှုတွေက တဆင့်ကော လွှတ်တော်တွင်း ရုန်းကန်လှုပ်ရှားမှုအဆင့်ပါ ဒါကို အားလုံး လက်ခံနိုင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာအောင် ဆက်ကြိုးစားရမှာပါ။” နောက်တချက်က ကိုကိုကြီး ကိုယ်တိုင်နဲ့ ကိုမင်းကိုနိုင်ပေါ့။ အသက်အရွယ်အရကော အတွေ့အကြုံအရကော ဒီနိုင်ငံရေး အနာဂတ်က ဘယ်ဘက်ကိုများ ဦးတည်နေမလဲ။ ဘယ်လိုများ စိတ်ကူးထားပါသလဲ။ “လောလောဆယ်မှာတော့ ၈၈ မျိုးဆက်ကျောင်းသားများ အနေနဲ့ပဲ သဘောထား ထုတ်ပြန်ချင်ပါသေးတယ်။ ကျနော်တို့ ပုဂ္ဂလိကဆန်တဲ့ သဘောထားတွေကို မပြောချင်သေးပါဘူး။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024