ပဲရစ် ပစ်ခတ်မှုကြောင့် ရဲအရာရှိ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

975
ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ်ရှိ နာမည်ကြီး ရှောင်ဇီလီဇီးလမ်းမကြီး Champs-Elysees လမ်းမှာ ဧပြီလ ၂၀ ရက် ညပိုင်းက ပစ်ခတ်မှု ဖြစ်ပွားတာကြောင့် ရဲအရာရှိတဦး သေဆုံးပြီး နောက်ထပ် ရဲတပ်ဖွဲ့ဝင်၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ပစ်ခတ်သူ သေနတ်သမားကို ရဲတပ်ဖွဲ့က ချက်ချင်း အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလမ်းဟာ ပြင်သစ်နိုင်ငံကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ အထူးစည်ကားပြီး ပြင်သစ်နိုင်ငံ အထိမ်းအမှတ် ရိုးရာလက်ဆောင်ပစ္စည်းတွေ ရောင်းချတဲ့နေရာ ဖြစ်ပါတယ်။
လမ်းလယ်ကောင်မှာ ကားတစီး ရပ်တန့်ပြီးတဲ့နောက် လူတဦး ရုတ်တရက်ထွက်လာပြီး မရှင်းဂန်းစက်သေနတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ရိုက်တာသတင်းဌာနက ရရှိတဲ့ ဗီဒီယိုမှတ်တမ်းအတွင်း ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် အရေးပေါ် ရဲကားတွေ အပူတပြင်း မောင်းနှင်နေတာကို မြင်တွေ့ကြရပါတယ်။ အဲဒီနောက် အခင်းဖြစ်ရာ တဝိုက်ကို သာမန် ပြင်သစ်ပြည်သူတွေ မလာရောက်ဖို့ ပိတ်ပင်တားမြစ်နေတာကို မြင်တွေ့ကြရပါတယ်။
အခင်းဖြစ်ပြီး သိပ်မကြာခင်မှာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့က ဒါဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ချက်ချင်း ထုတ်ဖော်ကြေညာပါတယ်။
ပစ်ခတ်သူ သေနတ်သမားဟာ အရင်ကတည်းက ပြင်သစ်လုံခြုံရေးတပ်ဖွဲ့ မှတ်တမ်းမှာ နာမည်စာရင်းရှိနေတဲ့ အစွန်းရောက် မွတ်ဆလင်တဦး ဖြစ်ပါတယ်။ သူဟာ အရင်ကလည်း ရဲအရာရှိတဦးကို ပစ်ခတ်ခဲ့ဖူးတယ်လို့ စုံစမ်းရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပါရီရှိ CNN-ရုပ်သံဌာနကို ပြောပြခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ၂၀၁၅ ခုနှစ်ကတည်းက အရေးပေါ် အခြေအနေ ကြေညာထားပြီး လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ ပြင်သစ်နဲ့ အိမ်နီးချင်း ဘယ်လ်ဂျီယံနိုင်ငံတွေမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လူ ၂၃၀ သေဆုံးခဲ့ပြီးဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။