ဖရဲ၊ သခွား စံချိန်စံညွှန်းသတ်မှတ်ရေးဆိုင်ရာ အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်
DVB
·
April 20, 2017
ဖရဲ၊ သခွား စံချိန်စံညွှန်း သတ်မှတ်ရေးဆိုင်ရာ အကြိုညှိနှိုင်းဆွေးနွေးပွဲကို လာမယ့် မေလ ၈ ရက်နေ့ကနေ ၉ ရက်နေ့အထိ တရုတ်နိုင်ငံ ဝမ်တိန်မြို့မှာ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက သတင်းရရှိပါတယ်။
အာဆီယံ ဖရဲ၊ သခွား စံချိန်စံညွှန်း သတ်မှတ်ချက်တွေ ရှိတဲ့အတွက် မြန်မာနိုင်ငံမှာလည်း အဲ့ဒီလို တိတိကျကျ သတ်မှတ်ချက်တွေနဲ့ နိုင်ငံတကာဈေးကွက်တွေကို ထိုးဖောက်နိုင်ဖို့ အခုလို ဆွေးနွေးပွဲပြုလုပ်ရတာဖြစ်တယ်လို့ အသင်းအတွင်းရေးမှူး ဦးကျော်သူက ပြောပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံက ဖရဲ၊ သခွား တောင်သူတွေ၊ မူဆယ်ကုန်စည်ဒိုင်က ကုန်သည်တွေနဲ့ တရုတ်နိုင်ငံက ကုန်သည်တွေ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဆွေနွေးပွဲက ရရှိလာတဲ့ ရလဒ်တွေကို နှစ်နိုင်ငံအစိုးရအချင်းချင်း ညှိနှိုင်းနိုင်ဖို့ သက်ဆိုင်ရာ အစိုးရဌာနတွေကို တင်ပြသွားမှာဖြစ်ပြီး ဖရဲ၊ သခွား စံချိန်စံညွှန်းမူကြမ်း ထွက်ရှိလာတဲ့ထိ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သတင်း- AMIA