မန်စီမြို့အနီး မိုင်းပေါက်ကွဲမှုဖြစ်ပွား၊ ကလေးငယ် ၁ ဦးသေဆုံး
DVB
·
April 20, 2017
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့ရဲ့ အရှေ့ဘက်မှာ ဧပြီ ၁၉ ရက် ညနေ ၅ နာရီကျော်လောက်က မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေးငယ် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။
တောင်ယာသွားတဲ့ ပြင်ဦးလွင် ရပ်ကွက်နေ ဦးဝဖိုင်ဘရန်နန်နဲ့ ဒေါ်အလဲမီးတို့ရဲ့ သမီးသုံးဦးကို မိုင်းထိမှန်ခဲ့တာဖြစ်ပြီး အသက် ၉ နှစ်အရွယ် မထုတောင်ဟာ အခင်းဖြစ်ရာနေရာမှာပဲ တကိုယ်လုံး ဒဏ်ရာတွေနဲ့ အသက်ဆုံးရှုံးသွားခဲ့တာလို့ဆိုပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် မဂျာဆိုင်းပန်(၂၂)နှစ်ဟာ ဝဲပေါင်၊ ဝဲရင်အုံ၊ ယာခြေသလုံးတို့မှာ ဒဏ်ရာတွေရရှိထားပြီး မဂျီးပန်(၁၅)နှစ်ကတော့ ဝဲလက်မောင်းအောက်၊ ခါး၊ ဝဲပေါင်မှာ ဒဏ်ရာတွေရရပြီး မန်စီပြည်သူ့ဆေးရုံမှ ဗန်းမော်ခရိုင် ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင် ဆေးကုသနေတယ်လို့ သိရပါတယ်။