Home
မြန်မာသတင်း
အငြင်းပွားမြေပေါ်တွင် ထွန်ယက်စိုက်ပျိုးမှုကို စစ်တပ်တားမြစ်
DVB
·
April 19, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာ-ရေဦး ကားလမ်းဘေး၊ အိုးဘိုတောင်အနောက်ပိုင်းရှိ စစ်တပ်သိမ်းမြေယာမှာ အိုးဘိုတောင် ဒေသခံတောင်သူ ၁၀ ဦးက မိမိဘိုးဘွားပိုင်မြေယာမှာ ဝင်ရောက်ထွန်ယက်တဲ့အတွက် ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ စစ်တပ်က လာရောက်တားမြစ်ခဲ့ပါတယ်။ အိုးဘိုတောင်၊ စစ်ပင်၊ ကျွဲရဲ၊ ကော်လပြ၊ အလုံ စတဲ့ရပ်ကွက်က တောင်သူ ၅၀၀ ကျော်ရဲ့ အိုးဘိုတောင်အနောက်ပိုင်း မြေဧက ၂၀၀၀ ကျော်ကို နအဖအစိုးရလက်ထက်က ရေလှောင်ကန်လုပ်ဖို့ဆိုပြီး စစ်တပ်က သိမ်းယူခဲ့ပါတယ်။ တောင်သူ ၁၀ ဦးပိုင် မြေဧက ၃၀ ကျော်ကို အရင်နှစ်ကတည်းက စတင်လုပ်ကိုင်လာခဲ့ပြီး ဒီနှစ်မှ လာတားတာလို့ သိရပါတယ်။ “အတူတူလုပ်နေကြတဲ့ တခြားတောင်သူ ၃၅ ဦးကိုတော့ တားမြစ်တာမရှိဘူး။ ဒါကြောင့် တခြားတောင်သူတွေနည်းတူ ရာသီအမီ ထွန်ရေးဝင်ချင်တယ်။ အမြန်ဆုံး စိုက်ပျိုးခွင့်ရချင်တယ်” လို့ တားမြစ်ခံခဲ့ရတဲ့ တောင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။ အငြင်းပွားမြေပေါ်မှာ ထွန်ယက်ခဲ့တဲ့ တောင်သူ ၁၀ ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မြို့နယ်လယ်ပြန်စစ် ဥက္ကဋ္ဌ၊ တိုင်း (၁) လွှတ်တော်ကိုယ်စားလှယ်တို့ လာရောက်ညှိနှိုင်းပေးခဲ့ပြီး ခေတ္တဆိုင်းငံ့ပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ “အခုဖြစ်နေတဲ့မြေက အငြင်းပွားမြေ ဖြစ်တာကြောင့် သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြပြီး စိစစ်ဆောင်ရွက်ဆဲ ဖြစ်တယ်။ ဒါကြောင့် တောင်သူတွေကို စောင့်ဆိုင်းဖို့ ပြောတာပါ” လို့ လယ်ပြန်စစ်ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ လက်ရှိအငြင်းပွားမြေက မိုးရာသီမှာ မြစ်ရေသွင်းပြီး ငါးမွေးကာ နွေရာသီမှာတော့ စိုက်ပျိုးရေး လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ လာရောက်ထွန်ယက်ခဲ့တဲ့ တောင်သူ ၁၀ ဦးကို စစ်ကား ၇ စီးလောက်နဲ့ လာရောက်တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ သတင်း - အောင်ကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024