Home
ဆောင်းပါး
ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်က ကြမ်းတမ်းစွာဆဲဆိုရေးသားခြင်း အကုသိုလ်နှင့် ဝစီဒုစရိုက်ကံမိုက်များ
DVB
·
April 19, 2017
ယဉ်ကျေးသိမ်မွေ့တယ်ဆိုတာ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးလက္ခဏာတွေထဲမှာ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ လက္ခဏာတရပ် ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာ အပြောအဆို၊ အနေအထိုင် ယဉ်ကျေးသိမ်မွေ့ကြတယ်။ လူလူချင်း ဆက်ဆံရာမှာ ဂါရဝတရားထားပြီး လေးလေးစားစား ဆက်ဆံတတ်ကြတယ်ဆိုတဲ့ အမျိုးသားရေး လက္ခဏာဟာ အလွန်ဂုဏ်ယူထိန်းသိမ်းအပ်တဲ့ လက္ခဏာတရပ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားမှာ အလွန်ဝမ်းနည်းကြေကွဲစရာ အဖြစ်ကတော့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ ကြိုးစားကြရင်း မပြောင်းချင်တဲ့အုပ်စုနဲ့ ပြောင်းလဲချင်တဲ့အုပ်စုတွေကြား ဆန့်ကျင်ပွတ်တိုက်ကြရာက ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ အပြန်အလှန် ဆဲဆိုရေးသားမှုတွေ အရှိန်ရလာခဲ့ကြပါတယ်။ အခုဆိုရင် အထက်မှာ ရေးခဲ့တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာ ပျောက်ဆုံးလို့ ရိုင်းစိုင်း အရှက်ကင်းမဲ့စွာ အုံနဲ့ကျင်းနဲ့ ပေါ်ပေါ်တင်တင် ရေးသားနေတဲ့အဆင့်ကို ရောက်လို့နေပါပြီ။ စာရေးသူဟာ ဖေ့စ်ဘွတ်ခ်ကို ၂ဝဝ၈ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ သုံးစွဲကာစတုန်းက သတိထားမိတာက မြန်မာဖေ့စ်ဘွတ်ခ်သုံးစွဲကြသူတွေဟာ အခုလောက်ကြီး ရိုင်းရိုင်းပျပျ ရေးသား ဆဲဆိုတာတွေ၊ ညစ်ညမ်းပုံတွေ၊ ဖိုတိုရှော့တွေသုံးပြီး မဟုတ်တရုတ်ပုံတွေ တင်တာ မလုပ်ကြသေးပါဘူး။ သတိထားမိသလောက် အခုလို ဆဲဆိုရေးသားမှုတွေဟာ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဝန်းကျင်က စပြီး နိုင်ငံရေးအရ ဆန့်ကျင်ဘက် အင်အားစုတွေကြားမှာ တဘက်နဲ့တဘက် အပြန်အလှန် အပုပ်ချ ရေးသားကြရင်း စတင်လာခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် လိုလားသူ အမာခံအုပ်စုဟာ မီဒီယာကို မီဒီယာနဲ့တိုက်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ငွေကြေးအလုံးအရင်း သုံးစွဲပြီး သတင်းစာ၊ ဂျာနယ်၊ ဖေ့စ်ဘွတ်ခ် စတဲ့ မီဒီယာလောကထဲမှာ ထိုးဖောက် လှုပ်ရှားလာခဲ့ကြပါတယ်။ အွန်လိုင်းစစ်သည်တွေ၊ မီဒီယာဂျပိုးတွေ၊ အင်တာနက် တော်လှန်ရေးသမားတွေ ကြားမှာ ဝါဒဖြန့်ချမှုတွေကို မရိုးမသား နည်းလမ်းမျိုးစုံသုံးလို့ ညစ်ညမ်းပုံတွေ၊ ဖြတ်ညှပ်ကပ် ပုံတွေ၊ ကွန်ပျူတာဖန်တီးချက် အတုတွေပါ သုံးလို့ ပြင်းပြင်းထန်ထန် ထိုးနှက် တိုက်ခိုက်ခဲ့ကြတယ်။ အမျိုးသားရေး၊ အချုပ်အခြာအာဏာ အထိပါးမခံရဖို့၊ ဘာသာ သာသနာ စောင့်ရှောက်ရေးကိစ္စ၊ လူမျိုးခြား၊ ဘာသာခြား မုန်းတီးတွေ နှိုးဆွပေးပြီး လမ်းမှားကို ပို့ဆောင်ခဲ့ကြတယ်။ ပြည်သူတွေကြားမှာ ညီညွတ်မှုပြိုကွဲအောင် စနစ်တကျ သွေးခွဲခဲ့ကြပါတယ်။ တချို့ဆိုရင် အကောင့်ခွဲ ၄၊ ၅၊ ၁ဝ ခုလောက်၊ ပရိုဖိုင်းအမျိုးမျိုးနဲ့ ဆဲဆို ရေးသား လှုံ့ဆော်လာတာကို မြင်တွေ့ကြရပါတယ်။ အမရာ ဒစ်ဂျစ်တယ် ဈေးကွက်ရှာဖွေရေးအေးဂျင့် (Amara Digital Marketing Agency) ရဲ့ စာရင်းအရဆိုရင် မြန်မာနိုင်ငံရဲ့ ဖေ့စ်ဘွတ်ခ် လစဉ်သုံးစွဲသူဦးရေဟာ ၂ဝ၁၅ ခုနှစ် ဇူလိုင်လအလယ်မှာ ၄ ဒသမ ၇ သန်း ရှိရာကနေ ၂ဝ၁၆ ခုနှစ် မေလအလယ်မှာ ၉ ဒသမ ၇ သန်းအထိ ရှိလာခဲ့ပါသတဲ့။ တနှစ်အတွင်းမှာပဲ သုံးစွဲသူဦးရေ ၂ ဆတက်လာတဲ့ သဘောပါပဲ။ မျက်မှောက်ကာလမှာတော့ ဖေ့စ်ဘွတ်ခ် လစဉ်သုံးစွဲသူဦးရေဟာ ၁ဝ သန်း အထက်မှာ ရှိနေပါပြီ။ အခုချိန်ခါမှာတော့ သုံးစွဲသူတွေဟာ တနေ့တခြား ပိုလို့ ရိုင်းပျစွာ ဆဲဆို ရေးသားလာကြတာ လူတိုင်းအသိ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ရေးသားကြ၊ မှတ်ချက်ပေး (Comment) ကြရာမှာ အဖေနဲ့သမီး၊ အမေနဲ့သား မပြောနဲ့၊ တယောက်တည်း ဖတ်ရတာတောင် မဖတ်ဝံ့စရာဖြစ်အောင် မအေ နှမ ကိုင်တုတ်၊ ရေးသူ မရှက်၊ ဖတ်သူ ရှက်ရအောင် ယုတ်ယုတ်မာမာ စကားလုံးတွေ၊ အညီအဟောက် စကားတွေနဲ့ ဟီရိဩတ္တပ္ပ ကင်းမဲ့စွာ ရေးသားလာနေကြပြီ ဖြစ်ပါတယ်။ အဲ့ဒီလို တစ်တစ်ခွခွ ဆဲဆိုရေးသားနေကြတဲ့သူတွေကို လေ့လာလိုက်ရင် အာဏာရှင်စနစ် ဖက်တွယ်သူတွေ၊ အမျိုးဘာသာ သာသနာရေး ကာကွယ်ချင်တယ်လို့ ပြောနေသူတွေ၊ ဒီမိုကရေစီစနစ် နှစ်ခြိုက်ပါတယ်ဆိုတဲ့သူတွေ စတဲ့ အင်အားစု၊ အုပ်စုတွေ အားလုံးထဲက အကုန်လုံးမဟုတ်ပေမယ့် အောက်ခြေကနေ နိုင်ငံရဲ့ အဆင့်မြင့် တာဝန်ယူဖူးသူတွေအထိ ပါဝင်သလို၊ ဘာသာရေးခေါင်းဆောင် ရဟန်းသံဃာအထိ ပါဝင်လာတာကို ဝမ်းနည်းဖွယ်ရာ တွေ့လာကြရပါတယ်။ ဆဲဆိုရေးသားနေသူတွေကို အုပ်စုခွဲကြည့်ရင် တချို့က အဖွဲ့အစည်းက တာဝန်ပေးအပ်ထားလို့ လစာရိက္ခာ ရာထူးမျှော်မှန်းချက်အတွက် လုပ်ဆောင်နေသူတွေ၊ မိမိအမျိုး၊ မိမိဘာသာ၊ မိမိပါတီ၊ မိမိရပ်တည်တဲ့ အဖွဲ့အစည်းအတွက်၊ မိမိဝါဒအတွက် ဆဲဆို ရေးသားနေသူတွေလို့ အကြမ်းဖျင်း ၂ ပိုင်း ခွဲနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို မြန်မာယဉ်ကျေးမှု၊ မြန်မာအမျိုးသားရေးလက္ခဏာနဲ့ ဆန့်ကျင်ပြီး ဆဲဆို ရေးသားနေကြတယ် ဆိုတာဟာ ပင်ကိုဗီဇစရိုက် ညံ့ဖျင်းမှု၊ ကိုယ်ကျင့်သီလ မကောင်းမှု၊ ဆိုဆုံးမမှုအားနည်းတဲ့ ဝန်းကျင်မှာ ကြီးပျင်းလာရတာကို ညွှန်ပြနေတာပါပဲ။ တကယ်တော့ အဲဒီလို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ မဟုတ်တမ်းတရားတွေ လိမ်ညာတင်၊ အယုတ္တ အနတ္တ ဆဲဆိုရေးသားနေကြတာဟာ လူလူချင်း မမြင်ရဘူး၊ မတွေ့ရဘူးဆိုပြီး လွယ်လင့်တကူနဲ့ ဝစီဒုစရိုက်ကံတွေကို ပေါ့ပေါ့ပါးပါး ကျူးလွန်နေကြတာဟာ ဝစီဒုစရိုက်ကံတွေရဲ့ ဆိုးကျိုးနဲ့ အကုသိုလ်ကံအပြစ်တွေကို ကောင်းစွာ နားမလည်လို့ဖြစ်စေ၊ ကံနဲ့ ကံအကျိုးကို မယုံကြည်တာဖြစ်စေ၊ လက်ရှိ ဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူမခံရသေးတာကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ဝစီဒုစရိုက် ၄ ပါးဖြစ်တဲ့ (၁) မုသာဝါဒ (မမှန်သော စကားကို ပြောဆိုခြင်း)၊ (၂) ပိသုဏဝါစာ (ကုန်းချော ရန်တိုက်စကားကို ပြောဆိုခြင်း)၊ (၃) ဖရုဿဝါစာ (ကြမ်းတမ်း ရိုင်းစိုင်းသော စကားကို ဆဲဆိုရေးသားပြောဆိုခြင်း)၊ (၄) သမ္ဖပ္ပလာပဝါစာ (အကျိုးမရှိ အနှစ်မပါသော စကားကို ပြောဆိုခြင်း) အပြစ်တွေဟာ အလွန်ကြီးမားလှပါတယ်။ မမှန်သောစကား လိမ်ညာလှည့်ဖြား ပြောကြားခြင်းအမှု မုသာဝါဒ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူဟာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရတတ်ပါတယ်။ ပြောသူကို မဟုတ်မမှန် အစွပ်စွဲခံရစေတတ်တယ်။ ဘယ်သူပြုပြု သူ့ခေါင်းပေါ်မှာသာ အပြစ်ကျခံရတတ်ပါသတဲ့။ လူနှစ်ဦးအကြား မေတ္တာပျက်ပြားအောင် ကုန်းချော ရန်တိုက်စကား ပြောခြင်းအမှု ပိသုဏဝါစာ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူဟာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရတတ်တယ်။ ပြောသူကို မိတ်ပျက်စေတတ်တယ်။ ချစ်ခင်သူ နည်းပါး မိတ်ဆွေ ရှားစေတတ်တယ်။ အသစ် ဆက်ဆံရသမျှသော မိတ်ဆွေများသည်လည်း ရှောင်ခွာ၍သာ သွားတတ်ပါသတဲ့။ ကြမ်းတမ်း ရိုင်းပျသော စကားကို ပြောခြင်းအမှု ဖရုဿဝါစာ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြောသူဟာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရတတ်တယ်။ ပြောသူကို မနှစ်မြို့စရာ နားမခံသာသော စကားတို့ကိုသာ ကြားရစေတတ်တယ်။ သွားလေရာရာ နေလေရာရာမှာ နားမချမ်းသာစရာ စိတ်မချမ်းသာစရာ စကားတို့ကိုသာ ကြားရစေတတ်ပါတဲ့။ အကျိုးမရှိ အနှစ်မပါသော စကားပေါ့ စကားဖျင်း ပြောဆိုခြင်းအမှု သမ္ဖပ္ပလာပ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူဟာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရတတ်တယ်။ သမ္ဖပ္ပလာပ သည်ပင် ပြောသူရဲ့စကားကို သူတပါးက နားမထောင်လိုခြင်း စတဲ့ဆိုးကျိုးကို ဖြစ်ပေါ်စေတတ်တယ်။ လူတချို့ အမှတ်မှားနေကြသလို မအေ နှမနဲ့ ကိုင်တုတ်မှ၊ အောက်လုံးတွေနဲ့သုံးမှ ဆဲရေးတာ မဟုတ်ပါဘူး၊ ဆဲဆိုရေးသားတယ်ဆိုတာ တစ်တစ်ခွခွဆဲမှ ဆဲတာမဟုတ်ဘူး။ ရင့်သီးတဲ့စကားလုံး၊ မဟုတ်မမှန်ဘဲ နှိမ့်ချစော်ကားတဲ့ စကားတွေနဲ့ ပြောဆို ရေးသားတာဟာ ဝဇီဒုစရိုက်ကံကို ကျူးလွန်တာမို့ မကောင်းတဲ့ အကျိုးဆက်၊ မကောင်းတဲ့ လားရာ အပါယ်ဘုံတွေကိုသာ ရှေးရှုပါတယ်။ ဆဲရေးခြင်း ၁ဝ ပါး  ရှိပါတယ်။ အဲဒါတွေကတော့ … ၁။ ဇာတိ= သာကီယမျိုး၊ စဏ္ဍာလမျိုး စသည်ဖြင့် ဇာတ်ကို ထိပါး၍ ဆဲရေးခြင်း။ ၂။ နာမ= ဦးမျိုးယုတ်၊ ကိုဉာဏ်ကြီးရှင် စသော အမည်နာမတို့ဖြင့် ထိပါး၍ ဆဲရေးခြင်း။ ၃။ ဂေါတ= နေမျိုးနွယ်၊ ပုဂံပြည် သဗ္ဗညုဆက်၊ ရွှေစည်းခုံနွယ် စသည်ဖြင့် အနွယ်ကို ခိုက်၍ ဆဲရေးခြင်း။ ၄။ ကမ္မ= ဖိနပ်တိုက်သမား၊ ချေးကျုံးသမားကြီး၊ စိန်ကုန်သည်ကြီး စသည်ဖြင့် အလုပ်အကိုင်ကိုစွဲ၍ ဆဲရေးခြင်း။ ၅။ သိပ္ပ= အင်ဂျင်နီယာ၊ ပါရဂူကြီး၊ ကျူထရံရက်ဝိဇ္ဇာကြီး စသည်ဖြင့် အတတ်ပညာကိုစွဲ၍ ဆဲရေးခြင်း။ ၆။ အာဗာဓ= ဖာကျိုး, ရှိုက်ကုန်း, မီးယပ်ပိန် စသည်ဖြင့် အနာရောဂါကို ထိခိုက်၍ ဆဲရေးခြင်း။ ၇။ လိင်္ဂ= လံဗားကြီး၊ အသူရိန်ကြီး၊ ငပု၊ ညှပ်စိ၊ ငကုန်း၊ မယ်ဗမာ၊ မောင်ဒဂုံ၊ စသည်ဖြင့် အသွင်ကိုစွဲ၍ ဆဲရေးခြင်း။ ၈။ ကိလေသ= တဏှာအိုး၊ ဒေါသကုမ္မာ၊ ဝိတက်ကြီး စသည်ဖြင့် ကိလေသာ တပါးပါး အမည်ကိုတပ်၍ ဆဲရေးခြင်း။ ၉။ အာပတ္တိ= ပါရာဇိက၊ သံဃာဒိသိသ်၊ ဒုက္ကဋ်အိုး စသည်ဖြင့် အာပတ် အမည်ကိုတပ်၍ ဆဲရေးခြင်း။ ၁ဝ။ အက္ကောသ= နင့်အမေ နင့်နှမ၊ ခွေးမသား၊ ခွေးသား၊ ဝက်မြေး၊ မဟောသဓာ၊ ဘုရားလောင်း စသည်ဖြင့် ဆဲရေးခြင်းမျိုး။ (ဝိနည်းပါဠိတော်။) “တနည်း- ဆဲရေးခြင်း ၁ဝ-ပါး” (၁) စောရောသိ= သူခိုး၊ (၂) ဗာလောသိ= ငမိုက်၊ (၃) မူဠောသိ= ငမေ့ကောင်၊ ငထူ၊ ငထိုင်း၊ (၄) ထေနောသိ= သူခိုး၊ (၅) သြဠောသိ= ငကုံး၊ ကလားအုဋ်၊ (၆) မေဏ္ဍောသိ= သိုး၊ ဆိတ်၊ (၇) ဂေါဏောသိ= ငနွား၊ နွားကောင်၊ (၈) ဂဒြဘာသိ= မြည်းကောင်၊ (၉) တိရစ္ဆာနဂတောသိ= တိရစ္ဆာန်ကောင်၊ (၁ဝ) နေရယိကောသိ= ငရဲကောင်။ (သံယုတ်။ ဋ္ဌ။ ပ အုပ်။ ၂ဝဝ) ထင်ရှားတဲ့ဥပမာကို ဆောင်ရရင် ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခဲ့တဲ့ ဝစီဒုစရိုက် အကုသိုလ်ကံကြောင့်  နောင်ဘဝများစွာမှာ ပြည့်တန်ဆာဘဝချည်း ဖြစ်ခဲ့ရတဲ့ အမ္ဗပါလီရဲ့ ကံအကျိုးဆက်ကိုလည်း သင်ခန်းစာယူတတ်ဖို့ လိုပါတယ်။ သိခီဘုရားရှင် လက်ထက်တော်အခါတုန်းက အမ္ဗပါလီ အလောင်းအလျာဟာ ဘိက္ခူနီမ ဖြစ်ခဲ့ပါတယ်။ တနေ့ စေတီတော်တဆူကို ဖူးမြော်ရင်း လက်ယာရစ် လှည့်လည်ပူဇော်စဉ်မှာ ရှေ့ဆုံးမှသွားနှင့်တဲ့ ရဟန္တာထေရီမတပါး နှာချေမိသဖြင့် နှာရည်ပေါက်ဟာ စေတီရင်ပြင်မှာ အမှတ်တမဲ့ ကျသွားခဲ့သတဲ့။ အဲဒီနှာရည်ပေါက်ကို မြင်ရတော့ ရဟန်းမဟာ ရုတ်တရက်ဒေါသဖြစ်ပြီး “ဘယ်က ပြည့်တန်ဆာမ ဒီနေရာမှာ တံထွေးထွေးခဲ့ပါသလဲ” လို့ ဆဲရေးတိုင်းထွာခဲ့ပါသတဲ့။ အဲဒီလို နှုတ်ထွက်ကြမ်းတဲ့ စကားကြောင့် သူမဟာ “ငရဲ”မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရပြီး ငရဲမှ လွတ်ပြီးနောက်မှာလည်း ဘဝပေါင်း တသောင်းတိုင်တိုင် ပြည့်တန်ဆာမ ဖြစ်ခဲ့ရပါသတဲ့။ ဒါဟာ ဖရုဿဝါစာ ဒုစရိုက်ကံရဲ့ ဆိုးကျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ ရေးသားဆဲဆိုနေကြတာတွေ၊ အင်တာနက်ပေါ်မှာ ကျူးလွန်နေကြတဲ့ ဝစီဒုစရိုက်ကံတွေ ရှောင်ရှားကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းချင်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီစနစ်ကို တန်ဖိုးထားကြသူတွေအားလုံးကစပြီး ရှောင်ရှားကြဖို့ လိုပါတယ်။ ဒါမှသာ မိမိရပ်တည်နေတဲ့ အမှန်တရားဘက်က ပိုလို့တန်ဖိုးရှိကြောင်း ပြသနိုင်မှာ ဖြစ်ပါတယ်။ ဘယ်သူတွေ ဆဲဆိုနေကြပါစေ၊ မိမိဘက်က ပြန်ပြီး ဆဲဆိုရေးသားခြင်း မပြုမိဖို့ လိုပါတယ်။ ပြည်သူနဲ့ အစိုးရ ပေါင်းပြီး ညစ်ညမ်းစွာ ရေးသားဆဲဆိုနေတာတွေ ချုပ်ငြိမ်းသွားအောင် ဥပဒေတွေ ပြဋ္ဌာန်း၊ တားမြစ်သင့်တာတွေ တားမြစ်၊ အရေးယူသင့်တာတွေ ထိထိရောက်ရောက်အရေးယူ၊ မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာကောင်းဖြစ်တဲ့ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုခြင်း၊ ဂါရဝတရားထားခြင်း၊ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူအပေါ် သနားစိတ်တွေ မွေးမြူတတ်အောင် နိုင်ငံတော်အဆင့် ကမ်ပိန်းကြီးတွေ၊ လှုံ့ဆော်မှုတွေ၊ ယဉ်ကျေးမှုပွဲတော်ကြီးတွေ၊ ပီယဝါစာ ပြောဆိုမှု ပြိုင်ပွဲတွေ၊ ကျောင်းသင်ခန်းစာတွေမှာ ထည့်သွင်းသင်ကြားမှုတွေ လုပ်ဆောင်ကြဖို့ အလေးအနက် နှိုးဆော်လိုက်ပါတယ်။ ဝစီဒုစရိုက် ကံမိုက်များကို …  ရှောင်ကြဉ်နိုင်ကြပါစေ။ မင်းကောင်းချစ် ကိုးကား - (အင်္ဂုတ္တရ၊ အဋ္ဌက၊ ဒုစ္စရိတ ဝိပါကသုတ်၊ ဝိနည်းပါဠိတော်၊ မင်းသုည(ဗုဒ္ဓတက္ကသိုလ်)  အမ္ဗပါလီထေရီဂါထာ၊ ဝိနည်းမဟာဝါဇီဝကဝတ္ထု)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024