Home
မြန်မာသတင်း
မြတန်ဆောင်ဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုမည်
DVB
·
April 19, 2017
ရက္ခိုင့်တပ်မတော်နေ့အထိမ်းအမှတ် ဘောလုံးပွဲ ကျင်းပခဲ့တဲ့ မြောက်ဦး မြတန်ဆောင်ဆရာတော် ဦးနန္ဒာသာရနဲ့ ကိုခိုင်နီမင်းကို ပြန်လွှတ်ပေးဖို့ ဒီလ ၂၁ ရက်နေ့မှာ ဆန္ဒပြ တောင်းဆိုသွားမယ်လို့ ကော်မတီဝင်တွေက ပြောပါတယ်။ ဧပြီ ၁၈ ရက်နေ့ မြောက်ဦးမြို့ မြတန်ဆောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဒေသခံ ၅၀၀ ကျော်က အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး၊ ဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုသွားမယ်လို့ ဦးဆောင်လှုပ်ရှားသူ ကိုအမ်းသားကြီးကပြောပါတယ်။ “မနေ့က ကျနော်တို့ မြတန်ဆောင်ကျောင်းမှာ မြို့နယ်ဒေသခံတွေ ၅၀၀ ဝန်းကျင်လောက် တွေ့ဆုံကြပါတယ်။ ဆရာတော်နဲ့ ကိုခိုင်နီမင်းကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြ တောင်းဆိုသွားမယ် ဆိုတာကို ဆုံးဖြတ်လိုက်တယ်။ ဒီလ ၂၁ ရက်နေ့ ဆန္ဒပြသွားမယ်။ မနေ့က ကျနော်တို့ ကော်မတီဝင် ၄၅ ဦးနဲ့ ဖွဲ့စည်းလိုက်တာပါ။ ဒီကနေ့ မနက်ပိုင်းမှာတော့ ခွင့်ပြုချက်တင်သွားပါမယ်။" ဒါ့အပြင် ဆရာတော်နဲ့ ကိုခိုင်နီမင်းကို အခုလိုဖမ်းဆီးလိုက်တာ မတရားဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးကို ပြန်လွှတ်ပေးဖို့တောင်းဆိုသွားမယ်လို့ကော်မတီဝင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဇော်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။ “အခုလိုဖမ်းဆီးတာကတော့ မတော်မတရားဖမ်းဆီးခံရတာပါ။ ဖမ်းဆီးတာမှာတောင် ရိုးရိုးတန်းတန်းဖမ်းဆီးတာ မဟုတ်ဘူး။ ဘာသာရေးကို ကိုးကွယ်တဲ့ဘက်က ကြည့်ရင်လည်း အလွန်ရိုင်းစိုင်းတဲ့အပြုအမှုတွေပါ။ ကျနော်တို့က ဒါတွေကိုလက်မခံနိုင်ဘူး။ မတရားမှုတွေ ကျနော်တို့ ပပျောက်စေချင်တယ်။ ဒါကြောင့် ကျနော်တိုဘက်က ဆရာတော်နဲ့ ကိုခိုင်နီမင်းလွတ်ပေးဖို့ ဆန္ဒပြဖို့စီစဉ်တာပါ။” ဧပြီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၈ နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့မှာ ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နဲ့ ဘောလုံးပွဲ ကျင်းပတာဟာ မတရားအသင်းအက်ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး မြောက်ဦး ခမရ-၅၄၀ ကနေ ပုဒ်မ ၁၇(၁)နဲ့ မြောက်ဦးရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ အဲဒါကြောင့် မြတန်ဆောင်ဆရာတော် ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်းကို အာဏာပိုင်တွေက ဧပြီ ၁၀ ရက်နေ့ မနက်ပိုင်းက မြောက်ဦးမြို့ရဲစခန်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီနေ့မှာပဲ စစ်တွေထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ ဆရာတော်နဲ့ ကိုခိုင်နီမင်းကိုတော့ စစ်တွေထောင်မှာ ဖမ်းဆီးထားပြီး လာမယ့် ဧပြီ ၂၄ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ မြောက်ဦးမြို့ မြတန်ဆောင် ဘုန်းတော်သင်ပညာရေးကျောင်း(ဘက)မှာ ကျောင်းသူ၊ ကျောင်းသား ၂၀၀ ကျော်လောက် ပညာသင်ယူနေကြပါတယ်။ သတင်း - ဝဏ္ဏခွာညို၊  ဓာတ်ပုံ - ကျော်လှမြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024