A d v e r t i s e m e n t With Us

ရော်နယ်ဒို ခြေစွမ်းပြ ဟက်ထရစ်သွင်းပြီး ရီးရဲလ်က ဘိုင်ယန်မြူးနစ်ကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ဧပြီ ၁၈ ရက် ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ၄ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ မိနစ် ၉၀ အတွင်း ရီးရဲလ်က ဘိုင်ယန်မြူးနစ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့လို့ အချိန်ပိုအထိ ဆက်ခဲ့ရတာပါ။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အတွက် ဦးဆောင်ဂိုးကို ၅၃ မိနစ်မှာ ရော်ဘင်ကြောင့်ရတဲ့ ပယ်နယ်တီကို တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက သွင်းယူပါတယ်။ ရီးရဲလ်အတွက် ချေပဂိုးကိုတော့ ၇၆ မိနစ်မှာ ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူပါတယ်။ နောက် ၁ မိနစ်လောက်မှာပဲ ရီးရဲလ်နောက်တန်းက ရာမို့စ် ဂိုးသမားကို ပြန်ပေးရင်း ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ဘိုင်ယန်တို့ ဒုတိယဂိုး ရသွားပါတယ်။ ပွဲပြီးကာနီးမှာ ဘိုင်ယန် ကွင်းလယ်ကစားသမား ဗီဒယ် ဖျက်တာကြမ်းလို့ အထုတ်ခံလိုက်ရပါတယ်။ မိနစ် ၉၀ အတွင်း ဘိုင်ယန်မြူးနစ် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ပထမအကျော့မှာ ရီးရဲလ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားလို့ နှစ်ကျော့ပေါင်းရလဒ်မှာ ၂ ဂိုးစီ သရေဖြစ်နေတဲ့အတွက် အရှုံးအနိုင် အဖြေမပေါ်ဘဲ အချိန်ပိုအထိ ဆက်ခဲ့ရပါတယ်။ ရီးရဲလ်အတွက် တတိယဂိုးနဲ့ စတုတ္ထဂိုးတွေကို ရော်နယ်ဒိုကပဲ သွင်းယူပေးခဲ့သလို နောက်ဆုံးအပိတ်ဂိုးကိုတော့ အဆန်စီယိုက သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ရော်နယ်ဒို ခြေစွမ်းပြ ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ရီးရဲလ်က ၂ ကျော့ပေါင်းရလဒ် ၆ ဂိုး ၃ ဂိုးနဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up