Home
မြန်မာသတင်း
မာရသာဆိုင်ကလုန်းကြောင့် ရခိုင်ပြည်နယ်တွင် ကျပ်သိန်း ၃၇၀ ကျော်ဖိုးခန့် ပျက်စီးဆုံးရှုံး
DVB
·
April 18, 2017
မာရသာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ သံတွဲနဲ့ တောင်ကုတ်မြို့နယ်ထဲမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးသွားပြီး ခန့်မှန်းခြေ တန်ဖိုး ကျပ်သိန်း ၃၇၀ ကျော်ဖိုးလောက် ဆုံးရှုံးသွားခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မုန်တိုင်းဟာ ဧပြီ ၁၆ ရက်ညပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့နားက ဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်သွားခဲ့တာပါ။ မုန်တိုင်းကြောင့် မာန်အောင်မြို့နယ်ထဲက ကျေးရွာပေါင်း ၂၀ လောက်မှာ အခြေခံပညာ စာသင်ကျောင်းတွေ အမိုးလန်ပျက်စီးသွားကာ လူနေအိမ် အမိုးအကာတွေ ပျက်စီးခဲ့တဲ့အတွက် ကာလတန်ဖိုး ကျပ် ၅၇ သိန်းကျော်ခန့် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာအုပ်စု အိုင်ဒီပီ ဒုက္ခသည်စခန်း အဆောင်အမှတ် ၇ ပြိုလဲပျက်စီးသွားလို့ ခန့်မှန်းတန်ဖိုး ကျပ် ၄၅ သိန်းဖိုးလောက် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ အလားတူ ရမ်းဗြဲမြို့နယ်မှာလည်း မကျည်းရွာရဲကင်းနဲ့ တိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာတွေ၊ ဘုန်းကြီးကျောင်းတွေ ပျက်စီးသွားတာကြောင့် ခန့်မှန်းတန်ဖိုး ကျပ် ၂၂၄ သိန်းဖိုးလောက် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ သံတွဲနဲ့ တောင်ကုတ်မြို့နယ်ထဲမှာလည်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၅၀ လောက်ရှိခဲ့တယ်လို့ သိပါတယ်။ ငပလီမြို့မှာတော့ ဂေါ့ရပ်ကွက်၊ ဇီးဖြူကုန်း၊ လင်းသာ၊ မြပြင်နဲ့ ဂျိတ္တောရပ်ကွက်တွေမှာ လူနေအိမ် အလုံး ၃၀ လောက် ပျက်စီးသွားတယ်လို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနက ထုတ်ပြန်ထားပါတယ်။ မာရသာမုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာတော့ နေအိမ် အလုံး ၆၀ ဝန်းကျင် ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရပါတယ်။ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန တာဝန်ရှိသူတွေက မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ကျေးရွာတွေမှာ အကူအညီထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ခဲ့သလို ကျောက်ဖြူမြို့နယ်ရှိ  ကျောက်တလုံး အိုင်ဒီပီ ဘင်္ဂါလီဒုက္ခသည်စခန်းက အမိုးလန်သွားတဲ့ အခန်းတွေကို တအိမ်ထောင် ကျပ် ၃ သောင်းနှုန်းနဲ့ သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - Relief and Resettlement Department - Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024