ကလေးနယ် လက်ဆေးကန်တောင်တက်လမ်းတွင် ဘုရားဖူးယာဉ်မှောက်
DVB
·
April 18, 2017
ကလေးမြို့နဲ့ မော်လိုက်ကြီး ဆက်သွယ်ရာလမ်းပေါ်က သမိုင်းဝင် လက်ဆေးကန်အနီးမှာ ဒီနေ့ မနက် ၈ နာရီဝန်းကျင်လောက်က ဘုရားဖူးယာဉ်တစီး နောက်လန်ကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လူတချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။
စခန်းကြီး စခန်းမှူး ရဲအုပ် ထွန်းထွန်းလွင်က “ကားက တောင်တက်လမ်းမှာ မနိုင်ဘဲ နောက်လန်ကျပြီး လမ်းဘေးမြောင်းထဲ ထိုးကျသွားတယ်။ သေဆုံးသူ ရှိတယ်။ ဒဏ်ရာရသူလည်း များတယ်။ အသေးစိတ်ကိုတော့ မပြောနိုင်သေးဘူး။ အခင်းဖြစ်နေရာမှာ ခုထိ စစ်ဆေးနေတယ်” လို့ ပြောပါတယ်။
တိမ်းမှောက်မှုဖြစ်တဲ့ ကားဟာ တမူးနယ် ခမ်းပတ်မြို့နယ် မလူကျေးရွာက ဖြစ်ပြီး မော်လိုက်မြို့ ဘုရားဖူးခရီးစဉ် ထွက်ခွာလာတဲ့ကား ဖြစ်ပါတယ်။
ကားပေါ်မှာ လူ ၄၀ ကျော် လိုက်ပါလာပြီး ယာဉ်တိမ်းမှောက်မှုကြောင့် အနည်းဆုံး အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၅ ယောက်ခန့်ရှိတယ်လို့လည်း သိရပါတယ်။
ဒဏ်ရာရသူတွေကိုတော့ ကလေးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး သေဆုံးရုပ်အလောင်းတွေကိုတော့ သယ်ယူပေးမယ့်ယာဉ် မရောက်သေးတဲ့အတွက် အခင်းဖြစ်နေရာမှာ ယနေ့ နေ့လယ်ခင်းအထိ ထားရှိဆဲ ဖြစ်တယ်လို့ ရဲအုပ်ထွန်းထွန်းလွင်က ပြောပါတယ်။
သတင်း - မင်းရဲစစ်နိုင်