တရားဟောစင်မြင့်ပေါ် ထီးဖြူတက်တင်သူ ၁ ဦး ဓာတ်လိုက်သေဆုံး
DVB
·
April 18, 2017
ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမဘေးရှိ မွန်ပြည်နယ်၊ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်မှာ ဧပြီ ၁၈ ရက် မနက်က တရားပွဲပြုလုပ်ဖို့ တရားဟောစင်မြင့်ပေါ် ထီးဖြူတက်တင်ရာကနေ လူ ၁ ဦး ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။
တရားပွဲကျင်းပဖို့အတွက် တရားဟောစင်မြင့်နောက်ရှိ လိုက်ကာပေါ်ကို ထီးဖြူတက်တင်ရာက စွယ်တော်ပိုင်း၊ မိုးနိုင်းရပ်ကွက်နေသူ ဦးထွန်းစိန် (၆၇ နှစ်) ဟာ ထီးဖြူအမိုးကိုင်းနဲ့ ဓာတ်ကြိုး တိုက်မိပြီး ဓာတ်လိုက်ပြုတ်ကျကာ သေဆုံးခဲ့တာပါ။
ဦးထွန်းစိန်ဟာ ပြင်ပဒဏ်ရာ တစုံတရာ မရှိဘဲ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ပေါင်မြို့မရဲစခန်း ဒု-ရဲအုပ် အောင်မိုးကျော်က ပြောပါတယ်။
ဓာတ်လိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး ပေါင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၈/၂၀၁၇) နဲ့ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ ရဲစခန်းကနေသိရပါတယ်။
သတင်း - ယူမင်းစိုး