ဥရောပသမဂ္ဂ၏ မြန်မာပြည်မူဝါဒ ပိုမိုကောင်းမွန်လာနိုင်
DVB
·
January 19, 2012
မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုများကြောင့် မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ ဥရောပသမဂ္ဂ (အီးယူ) က လာမယ့် တနင်္လာနေ့ ဆွေးနွေးရာမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။
အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂက လာမယ့် တနင်္လာနေ့ကျရင် မြန်မာပြည်ဆိုင်ရာ မူဝါဒတွေကို သုံးသပ်ကြမှာ ဖြစ်ပါတယ်။
အီးယူပြောခွင့်ရ Maja Kocijancic က “အီးယူက မြန်မာပြည်နဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်တာ လုပ်ဆောင်ခဲ့ပြီးပါပြီ။ အီးယူနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးဟာ တနင်္လာနေ့မှာ မြန်မာ့အရေးကို ဆွေးနွေးကြပါလိမ့်မယ်။ နောက်ဆုံး တိုးတက်လာတာနဲ့ ကျမတို့ရဲ့ သုံးသပ်ချက်တွေကိုလည်း ဒီတပတ်မှာ ဆွေးနွေးမှာပါ။ အခုချိန်မှာတော့ ကျမတို့ ချမှတ်ထားတာတွေက ဧပြီမှာ အဆုံးသတ်ပါမယ်။”
ပြီးခဲ့တဲ့နှစ် ဧပြီလက မူဝါဒ ပြန်လည် သုံးသပ်တုန်းက မြန်မာအပေါ် အီးယူရဲ့ ဒဏ်ခတ်အရေးယူမှုကို တနှစ် ထပ်မံ သက်တမ်းတိုးခဲ့ပါတယ်။
ပုံမှန်အားဖြင့် နှစ်စဉ်တိုင်းမှာ ဧပြီလကျမှ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေး ဆက်လက်ထားရှိရေး ဆုံးဖြတ်နေကျ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ နယ်ပယ်အသီးသီးက ဖြစ်ထွန်းမှုတွေအပေါ် အခြေပြုပြီး ဖေဖော်ဝါရီလကစပြီး အရေးယူထားတာ ရုပ်သိမ်းနိုင်ဖွယ် ရှိနေတယ်လို့လည်း ခန့်မှန်းတွက်ချက်မှုတွေ ရှိနေပါတယ်။
ဒါနဲ့ပတ်သက်လို့ အီးယူပြောခွင့်ရ Maja Kocijancic က “မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့တာတွေက ထင်မှတ်ထားတာထက် ပိုတာသွားနေတာကို တွေ့ခဲ့တဲ့အတွက် ပြန်လည်သုံးသပ်တာတွေက အပြုသဘောဆန်တဲ့ တိုးတက်ပြောင်းလဲတာတွေ ရှိလာမှာပါ။ ဒါပေမယ့် ပိတ်ဆို့အရေးယူတာတွေအတွက် အပြောင်းအလဲနဲ့ ပတ်သက်တဲ့ အချိန်အတိအကျကိုတော့ ကျမ မပြောနိုင်ပါဘူး” လို့ ပြောပါတယ်။
အီးယူ နိုင်ငံခြားရေးဝန်ကြီး ကတ်သရင်း အက်ရှ်တွန်ကလည်း မကြာခင် မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ဖို့ရှိနေပါတယ်။
လက်ရှိမှာ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့သလို နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှု တချို့ဖြစ်ထွန်းခဲ့ပြီးတဲ့ နောက် အီးယူက ခရီးသွားလာမှု ပိတ်ပင်ထားမှု တချို့ ရုပ်သိမ်းပေးခဲ့တဲ့အပြင် ရန်ကုန်မှာ အီးယူရဲ့ ရုံးတခု ဖွင့်မယ်လို့ ကြေညာခဲ့ပါတယ်။
ပိတ်ဆို့အရေးယူတာ အဆုံးသတ်စေဖို့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ အတိုက်အခံတေါနဲ့ စကားပြောဖို့ အီးယူက အစိုးရကို တောင်းဆိုခဲ့ပါတယ်။
မြန်မာအစိုးရကလည်း အထင်ကရ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးနေပါတယ်။