ဗန်းမောက်တွင် ဘုရားဖူးခရီးသည်ယာဉ် တိမ်းမှောက်၊ ၈ ဦး ဒဏ်ရာရ
DVB
·
April 17, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်မှာ ဧပြီ ၁၆ ရက် မနက်ပိုင်းက ဇလုံတောင်တက် မော်တော်ယာဉ်ကားလိုင်းအသင်းမှ ဘုရားဖူးခရီးသည်တင်ယာဉ်တစီး တိမ်းမှောက်ခဲ့လို့ ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ယာဉ်မောင်း အောင်မြင့်လွင် မောင်းနှင်တဲ့ HiLux အမျိုးအစား ခဲရောင်ယာဉ်မှာ ဘုရားဖူးခရီးသည် ၁၁ ဦး တင်ဆောင်ပြီး ဇလုံတောင်ဘုရားပေါ်ကို တက်ရောက်စဉ် မိုင်တိုင်အမှတ် ၈-မိုင်၊ ၇-ဖာလုံ နေရာအလွန်မှာ နောက်ပြန်လိမ့်ပြီး လမ်းအရှေ့ဘက်ပေ ၆၀ မြင့်တဲ့ ချောက်ထဲကို လျှောကျ တိမ်းမှောက်ခဲ့တာပါ။
ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ၈ ဦးကို ဗန်းမောက် ပြည်သူ့ဆေးရုံကြီး ပို့ဆောင်ကုသထားပါတယ်။
ယာာဉ်တိမ်းမှောက်မှုကို ဗန်းမောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။
ဗန်းမောက်မြို့မရဲစခန်းက ယာဉ်မောင်းအောင်မြင့်လွင်အား လူအများ ထိခိုက်ဒဏ်ရာရရှိအောင် မောင်းနှင်ခြင်းကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ - ခင်ဆွေ(မော်လူး)