ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီကို အမည်ပြောင်းမည်
အေးနိုင်
·
January 19, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ၁၉၉၀ ပြည့် ရွေးကောက်ပွဲနိုင်တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) ကို အမည်ပြောင်းလဲဖို့ရှိပြီး မကြာခင် အစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်သွားမယ်လို့ ကော်မတီက ပြောပါတယ်။
[caption id="attachment_20156" align="alignright" width="226" caption="စီအာပီပီအဖွဲ့ဝင်များ"][/caption]
စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က “မဖျက်သေးပါဘူး။ ကျနော်တို့ ဒီအဖွဲ့ကို ဆက်ထားမယ်။ အမည်ကို ပြောင်းမယ်ပေါ့ဗျာ။ ရည်ရွယ်ချက်တွေကိုလည်း ပြောင်းဖို့ ကျနော်တို့ သဘောထားတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒါကို တရားဝင် မဆုံးဖြတ်ရသေးပါဘူး။ ကျနော်တို့ အစည်းအဝေးခေါ်ပြီးတော့မှပဲ ဆုံးဖြတ်မှာပါ။”
စီအာပီပီအဖွဲ့မှာပါရှိတဲ့ ပါတီတွေအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်ပြီးဖြစ်သလို ဇိုမီးအမျိုးသားကွန်ဂရက်နဲ့ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က ပါတီမှတ်ပုံပြန်တင်မယ်လို့ ဆုံးဖြတ်ထားကြပါတယ်။
မကြာခင်ကာလမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့နဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့တို့ကလည်း ပါတီခေါင်းဆောင်တွေ အစည်းအဝေးထိုင်ပြီး မှတ်ပုံတင်ရေး မတင်ရေးကိစ္စ ဆုံးဖြတ်ကြဖို့ ရှိနေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့နာယက ဦးတင်ဦးက လာမယ့်လပိုင်းအကြာမှာ စီအာပီပီအစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်မယ်လို့ ပြောပါတယ်။
“စီအာပီပီရဲ့ သဘော ပုံသဏ္ဌာန်က ဘယ်လိုဖြစ်သွားမလဲ ဆိုတော့ ဒါဆွေးနွေးရမှာပဲ။ အဲ့ဒါကတော့ တိုင်းရင်းသားများနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားများရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးရဖို့အတွက် ဆောင်ရွက်ရမယ့် ရေးရာကော်မတီပုံစံပေါ့။ ပြင်ပမှာ မပါဝင်နိုင်သေးတဲ့ မရှိသေးတဲ့ အဖွဲ့အစည်းတွေထဲက ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ ဆောင်ရွက်ကြမယ်ပေါ့လေ။ အခု ကျနော်တို့ စီအာပီပီက အမည်သာမတပ်သော်လည်း လွှတ်တော်တရပ်ရဲ့ လုပ်ရမယ့် ကိစ္စနဲ့ ပတ်သက်တဲ့ လုပ်ရမယ့် အလုပ်တွေ အားလုံးကတော့ လွှတ်တော်ကို ကူညီတာ ပြည်သူလူထုဘက်က လွှတ်တော်တွင်း လုပ်စရာရှိတာတွေကို အမည်တမျိုးနဲ့ အဖွဲ့အစည်းတမျိုးတော့ ပြန်ပြီးတော့ လုပ်ကိုင်သွားရမယ့် ပုံတော့ ပေါက်မယ်။ အဲ့ဒါတွေကတော့ ပြန်လည်ပြီး စဉ်းစားဆွေးနွေးရမယ်လေ။”
စီအာပီပီအဖွဲ့ကို ပြည်သူ့လွှတ်တော်တရပ် မပေါ်ပေါက်မချင်း ပြည်သူ့လွှတ်တော်ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ဖို့ ၁၉၉၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာပါ။