Home
မြန်မာသတင်း
မုန်တိုင်းဝင်မည့် ရခိုင်တွင် အဆင်သင့်ပြင်ပြီးဟု ပြည်နယ်အစိုးရ ပြော
DVB
·
April 16, 2017
ဆိုင်ကလုန်းမုန်တိုင်းဝင်မယ့် ရခိုင်ပြည်နယ်မှာ မုန်တိုင်းကို ရင်ဆိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားပြီး ပြည်နယ်အဆင့်ဝန်ကြီးတွေလည်း မုန်တိုင်းဝင်မယ့်မြို့တွေမှာ ဖြန့်ခွဲ ရောက်ရှိနေကြပါပြီ။ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက မုန်တိုင်းမလာခင် သုံးလေးရက် ကြိုပြီး ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ “မုန်တိုင်းမ၀င်ခင် ၃-၄ ရက်လောက်ကတည်းကိုက လိုအပ်တဲ့ ပြောင်းရွှေ့မှုတွေ လုပ်ထားပါပြီ၊ ကမ်းခြေတွေမှာ ရွှေ့ပြောင်းမှုတွေ၊ နောက်တခါ အသက်ကယ်ပစ္စည်းတွေ လှေတွေ ပို့ထားပါပြီ။ လိုအပ်တဲ့ ဆေးဝါးရိက္ခာတွေကို သက်ဆိုင်ရာမြို့နယ်တွေမှာ ပုံထားပြီးပါပြီ၊ ဖြစ်လာလို့ရှိရင်လည်း အမြန်ဆုံး တုံ့ပြန်နိုင်ဖို့အတွက် ပြည်နယ်အဆင့်ဝန်ကြီးတွေကိုလည်း နယ်မြေတွေမှာ ဖြန့်ခွဲပြီးတော့ ရောက်ရှိနေပါပြီ၊ ဖြစ်တာနဲ့ အမြန်ဆုံး ပြန်လည်တုံ့ပြန်နိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။” အမျိုးသားကယ်ဆယ်ရေးဗဟိုအဖွဲ့ကလည်း မိသားစု ၂၀၀၀ စာ ကယ်ဆယ်ရေးပစ္စည်းတွေကို ပြည်နယ်အတွင်းရှိ ခရိုင်မြို့တွေထံ ပို့ပေးထားပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်မယ့် မကွေးတိုင်းထဲမှာတော့ ရွှေစက်တော်ဘုရားဖူးတွေနဲ့ ဈေးသည်တွေကို တိုင်းအစိုးရက ဒီနေ့အပြီး ရွှေ့ပြောင်းဖို့ နှိုးဆော် လုပ်ဆောင်နေပါတယ်။ တိုင်းလူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက “လောလောဆယ်တော့ ရွှေစက်တော်မှာ ဘုရားဖူးတွေရော၊ ဧည့်သည်တွေရော ပြန်ခိုင်းနေတယ်၊ ဈေးသည်တွေလည်း သိမ်းခိုင်းနေပြီ”လို့ ပြောပါတယ်။ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅၀ ကနေ  မိုင် ၆၀ အထိ တိုက်ခတ်နိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်း “မာရသာ”ဟာ ဒီနေ့ည ၈ နာရီနဲ့ ၁၂ နာရီကြားမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ သံတွဲမြို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024