မုန်တိုင်းငယ် မြန်မာဘက် ဦးတည်နိုင်သည့် လိမ္မော်ရောင်အဆင့် သတ်မှတ်
DVB
·
April 15, 2017
ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းမှာ မုန်တိုင်းငယ်တခု ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေ လိမ်မ္မော်ရောင်အဆင့် သတ်မှတ်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။
မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီ မနက် ၉ နာရီအချိန် ထုတ်ပြန်ချက်အရ မုန်တိုင်းဟာ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် မိုင် ၂၅၀ ခန့်နှင့် ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၃၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ဒီနေ့ကစလို့ ဧပြီ ၁၇ ရက်အထိ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ လေပြင်းတိုက်ခတ်ခြင်းနဲ့ နေရာကွက် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
ပြည်နယ်တိုင်းအားလုံးမှာ နေရာစိတ်စိတ်ကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး လေပြင်းတိုက်ခတ်စဉ် တနာရီ ၂၅ မိုင်ကနေ မိုင် ၃၀ ရာခိုင်နှုန်း တိုက်ခတ်နိုင်တယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက် လေပြင်းများကျရောက်မယ်။
မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ သတိပြုကြဖို့လိုတယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။