လယ်သမားများထံမှ အာဏာပိုင်များ အဓမ္မစပါးကောက်ခံမှုကို မပေးရန် ရခိုင်အမတ် ဆော်ဩ
DVB
·
January 18, 2012
လယ်သမားတွေအနေနဲ့ စစ်ဘက် အရပ်အာဏာပိုင်တွေက စပါး ကောက်ခံလာတဲ့အခါ မပေးကြတော့ဖို့ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် မြောက်ဦးမြို့နယ်အမတ် ဦးအောင်ထွန်းသာက လိုက်လံဆော်ဩနေပါတယ်။
စစ်အစိုးရ လက်ထက်တလျှောက်လုံး ဒေသခံ လယ်သမားတွေထံက အာဏာပိုင်တွေက စပါးကို မပေးမနေရ ကောက်ခံခဲ့တာကို လက်မခံကြဖို့နဲ့ မပေးကြတော့ဖို့ လယ်သမားထုအကြား လိုက်လံ သတိပေးနေတာပါ။
ဦးအောင်ထွန်းသာက “အဲဒါတောင်းတာက တပ်က တောင်းတယ်၊ နောက်ပြီးတော့ ဌာနဆိုင်ရာတွေ တောင်းတယ်။ ဌာနဆိုင်ရာတွေကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးပေါ့။ တခြားဌာန အကုန်လုံး ၁၅ ခုလောက်ရှိတယ် တောင်းတာ။ ကျောက်တော်မြို့နယ်က တပ်တွေရှိတယ်။ အဲဒါတွေက တောင်းတယ်။ တချို့ကတော့ ကျနော်တို့ မရောက်တဲ့ ရွာတွေကတော့ ကြောက်လန့်ပြီးတော့ ပေးလိုက်ရပြီ။ အခု ကျနော်တို့ ရောက်တဲ့ နေရာကတော့ မပေးပါဘူး။ ကျနော်တို့လည်း ထိန်းထားတယ်။”
လယ်သမားတွေဆီက လယ်ယာမြေတွေကို စစ်တပ်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက သိမ်းဆည်းခဲ့ပြီး လယ်ပေါ်မှာ လယ်လုပ်တဲ့ ရွာပေါ်မှာ မူတည်ပြီးတော့ လယ်သမားတွေဆီက တဧကကို စပါးတင်း ၂၀ ဝန်းကျင်လောက် ကောက်ခံတယ်လို့ ပြောပါတယ်။
မြောက်ဦး မြို့နယ်အတွင်း စစ်တပ်က သိမ်းယူထားတဲ့ လယ်ဧက ၆၀၀ ခန့်ရှိပြီးတော့ မြို့နယ် အုပ်ချုပ်ရေးမှူး သိမ်းယူထားတဲ့ ဧက ၁၃၀၀ ကျော်ခန့် ရှိပြီး အဲဒီလယ်တွေမှာ စိုက်တဲ့ လယ်သမားတွေဆီကနေ တောင်းတာ ဖြစ်ပါတယ်။
ဒီတောင်းခံမှုက ၁၉၉၇ ကတည်းက စတင် တောင်းခံတာဖြစ်လို့ ၁၅ နှစ် လောက် ရှိပြီ ဖြစ်ပါတယ်။ ဒီလို အဓမ္မ တောင်းခံမှုကြောင့် လယ်သမားတချို့ ပိုင်ရှင်ဘဝကနေ သူရင်းငှားဘဝကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာက နောက်ထပ် တောင်းခံလာမယ်ဆိုရင် ပြည်နယ်ဝန်ကြီးချုပ်ဆီက အကြောင်းကြား စာရမှသာ ပေးသင့် မပေးသင့် စဉ်းစားမယ်လို့လည်း ရွာသားတွေကို ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။
လွှတ်တော်မှာ ငွေကောက်တဲ့ ကိစ္စကို တင်ပြရာမှာ ဒေသရှိ အစိုးရနဲ့ ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ဖို့ နိုင်ငံတော်က ပြန်လည် ရှင်းလင်းခဲ့တယ်လို့ ဦးအောင်ထွန်းသာက ပြောပါတယ်။
“ကျနော်က လွှတ်တော်ရောက်တယ်။ လွှတ်တော်ကို ဒါတွေ ယူသွားတယ်၊ ယူသွားပြီးတော့ တင်တယ်၊ လယ်ယာ စိုက်ပျိုးရေးနဲ့ ဝန်ကြီးက ဖြေတာတွေကို ကျနော်တို့က ရှင်းလင်း ပေးနေပါတယ်၊ အဲဒါကြောင့် အခု တချို့ ကျေးရွာသားတွေက ကြောက်လန့် နေတာက နေပြီးတော့ နည်းနည်းတော့ သဘောပေါက်လာကြတယ်။”
မြောက်ဦးမြို့နယ်အတွင်းက ရွာပေါင်း ၇ ရွာလောက်ကို အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး လိုက်လံ ပြောပြခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
မြောက်ဦးမြို့နယ်၊ ခွဆုံကျေးရွာရှိ တိုးချဲ့မြေကို အားထား မှီခို လုပ်ကိုင်နေကြသော လယ်သမားများထံကနေပြီး တနင်္ဂနွေနေ့က တိမ်ညို ကျေးရွာရဲစခန်းက စခန်းမှူးနဲ့ မြို့နယ်မှူးများက စပါး ကောက်ခံတာတွေ လုပ်ခဲ့တယ်လို့လည်း ရွာသားတွေက ဒီဗွီဘီကို စာရေးသားပေးပို့ခဲ့ပါတယ်။