A d v e r t i s e m e n t With Us

ဘရာဇီး အစိုးရ၀န်ကြီးများအပါဝင် အမတ် ၁၀၀ ကျော်ကို အဂတိလိုက်စားမှု စစ်ဆေးရန် အမိန့်ထုတ်

ဘရာဇီးနိုင်ငံမှာ အစိုးရ၀န်ကြီးတွေနဲ့ လွှတ်တော်အမတ် ၁၀၀ ကျော်ကို အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးဖို့ တရားရုံးချုပ်တရားသူကြီးတဦးက ဧပြီ ၁၁ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အစိုးရထိပ်တန်းအရာရှိတွေနဲ့ လွှတ်တော်အမတ်တွေ အားလုံး ၁၀၈ ယောက်ဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ လာဘ်စားမှုနဲ့ တိုင်ကြားလာတဲ့အတွက် အခုလို့ အမိန့်ထုတ်လိုက် တာဖြစ်ပြီး အဲဒီထဲမှာ လက်ရှိသမ္မတ တီမာ Temer ရဲ့ ထိပ်တန်းအကြံပေး၊ ရီယိုအိုလံပစ်ပွဲတော်ကျင်းပခဲ့စဉ်က ရီယိုမြို့ဝန်နဲ့ ဘရာဇီးသမ္မတဟောင်း အနည်းဆုံး ၄ ယောက်ပါဝင်ပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီကြီးတခုက အစိုးရအာဏာပိုင်တွေကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံ လာဘ်ထိုးခဲ့ရတယ်လို့ တိုင်ကြားခဲ့တာပါ။ ဒီစွပ်စွဲမှုဟာလည်း ၃ နှစ်ကြာ စုံစမ်းစစ်ဆေးနေဆဲဖြစ်တဲ့ နိုင်ငံပိုင် ပက်ထရိုဘရာစ့် Petrobras ရေနံကုမ္ပဏီကြီးရဲ့ အဂတိလိုက်စားမှုစုံစမ်းမှုရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။ ဒီအဂတိလိုက်စားသူ ပုဂ္ဂိုလ်များစာရင်းကို အများပြည်သူကိုလည်း ထုတ်ပြန်ခဲ့တဲ့အတွက် ဆော်ပိုလိုမြို့တော်မှာ အစိုးရအကျင့်ပျက်ချစားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေလည်း ဖြစ်ပွားခဲ့ကြပါတယ်။ ဘရာဇီးနိုင်ငံရဲ့ လက်ရှိစီးပွားရေးအကျပ်အတည်းကနေ ရုန်းထွက်နိုင်ဖို့အတွက် အစိုးရဘဏ္ဍာရေးနဲ့ ငွေသုံးစွဲမှုမူဝါဒအပြောင်းအလဲလုပ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ သမ္မတ တီမာရဲ့ အစိုးရအဖွဲ့ဝင် ၃ ချိုး ၁ ချိုးလောက် စုံစမ်းစစ်မေးခံကြရမှာဖြစ်ပါတယ်။ သမ္မတ ထိပ်တန်းအကြံပေး အာလီဇူး ပဒီယူလာ Eliseu Padilha ဟာ အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်ခံစားခွင့် မူဝါဒအပြောင်းအလဲလုပ်ဖို့ အဓိကကြားခံညှိနှိုင်းပေးနေသူဖြစ်ပြီး သူ့အပေါ်စွပ်စွဲမှုတွေကို တရားရုံးမှာ ခုခံသွားမယ်လို့ ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up