Home
ဆောင်းပါး
မန်းမြို့မူဟန် လမ်းလျှောက်သင်္ကြန်
DVB
·
April 12, 2017
သင်္ကြန်လည်း တဖြည်းဖြည်းနဲ့ နီးလာနေပြီ။ နှစ်ကူးသင်္ကြန်ကာလမှာ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်ဌာနေကို အရောက်ပြန်ကြမယ့်သူတွေလည်း ပြင်ကြဆင်ကြနဲ့ သင်္ကြန်တွင်းကာလအတွက် ရင်ခုန်နေကြလောက်ပါပြီ။ ဒီနှစ်ကတော့ မန္တလေးသင်္ကြန်ရဲ့ ထူးခြားမှုနဲ့ ပြောင်းလဲမှုတွေကို အနှစ်သာရရှိရှိ တွေ့မြင်ခံစားရလိမ့်ဦးမယ်လို့ မျှော်လင့်နေကြတဲ့သူတွေ မနည်းမနော။ ဟင်…သင်္ကြန်ကြီးက ဘာကြီးမှန်းလဲမသိဘူး။ ဘယ်လိုပျော်ရမှာလဲလို့ ဆိုသူတွေကလည်း တပုံတပင်ပါပဲ။ ဒီနှစ် မန္တလေးသင်္ကြန်ကတော့ အားစမ်းပွဲတခုလို့ပဲ ပြောရလေတော့မလား။ လူကြီးလူငယ် အားစမ်းပွဲတခုလိုမျိုးပေါ့။ လူငယ်တွေ ပြောနေသလို ဖလားနဲ့ ရေပက်တဲ့ခေတ်က ကုန်သွားပြီ။ ငွေဖလားလေးနဲ့ ရေကစားကြတဲ့ မြန်မာ့အစဉ်လာဆိုတာ ခေတ်နောက်ပြန်ဆွဲတာပဲတဲ့။ သင်္ကြန်ရေစိုလို့ လူတွေက တုန်ခိုက်နေရတဲ့အထဲ မြူမှောင်ငွေကင်း ဆိုတာနဲ့ ဘယ်လိုလုပ် အချမ်းပြေပါ့မလဲ။ တကိုယ်လုံး ရွှဲဖို့ဆိုရင် လက်ညောင်းအောင် ပက်ရမှာပေါ့တဲ့လေ။ ကျုံးဘေးပတ်လည်မှာလည်း မဏ္ဍပ်ကနည်းလာ၊ မြို့ထဲတွေမှာ ဆောက်လုပ်ခွင့်ပြုထားပေမယ့်လည်း မဏ္ဍပ်ရယ်လို့ သိပ်မရှိ။ အဓိကကတော့ ရေပြဿနာဖြစ်မှာပေါ့။ မန္တလေးက ရေရှားတဲ့မြို့ ဖြစ်နေမှကိုး။ သင်္ကြန်လည်ဖို့  ရေပက်ခံကားတွေကလည်း ကျုံးဘေးပတ်လည်လောက်ကိုသာ သည်းကြီးမဲကြီး တိုးကြတာ။ သင်္ကြန်ဆိုရင် ကျုံးဘေးလောက် စည်ကားတဲ့နေရာမှ မရှိတာဘဲ။ ကိုယ်တွေ ငယ်ငယ်တုန်းက သင်္ကြန်မျိုးကိုတော့ မဆိုလိုဘူးပေါ့။ ကိုယ်တွေငယ်ငယ်က ကြုံဖူးတဲ့ သင်္ကြန်က တမျိုး၊ မန္တလေး လမ်း ၃၀ ကနေ ၇၈ လမ်းကြီးတလျှောက်မှာ ကုမ္ပဏီမဏ္ဍပ်တွေရော ဌာနဆိုင်ရာ မဏ္ဍပ်တွေကော စုံလို့၊ ညတွေမှာ ယိမ်းအကတွေက မြိုင်လို့၊ အလှပြကားကြီးတွေကလည်း မြို့နယ်အလိုက် တစီးပြီးတစီး ကပြဖျော်ဖြေကြတာ။ ဈေးချိုဘက်ဆိုရင်လည်း သူ့ဆိုင်ကိုယ့်ဆိုင်က မဏ္ဍပ်အသေးလေးတွေက စုလို့ပြုံလို့၊ စတုဒီသာလည်းစားရင်း အကတွေလည်း ကြည့်ရင်းပါပဲ။ နောက်ပိုင်းတော့ ဒါတွေ မရှိတော့ဘူးလေ။ လူလတ်ပိုင်းတွေနဲ့ လူကြီးတွေအနေနဲ့ကတော့ ဒီနှစ်ပြောင်းလဲလာမယ့် မန္တလေးသင်္ကြန်ကို ကြိုပြီး စိတ်ကူးယဉ်ကြတဲ့သူတွေရှိတယ်။ လမ်းလျှောက်သင်္ကြန်တဲ့။ အားလုံးပျော်ဖို့တဲ့၊ ယဉ်ကျေးမှုသင်္ကြန်ကို ပုံဖော်မှာတဲ့။ ဘယ်လိုလမ်းလျှောက်သင်္ကြန်မျိုးလဲ………………….။ မန္တလေးမှာ ထူးခြားစွာနဲ့ပဲ ဒီနှစ်ကတော့ ကျုံးတောင်ဘက် ၂၆ လမ်းမကြီးတလျှောက်ကို ယာဉ်မဝင်ရ ပိတ်ထားပြီး လမ်းလျှောက်သင်္ကြန်လုပ်မယ် ဆိုတာကတော့ အထူးခြားဆုံးပါပဲ။ ၂၆ လမ်းမကြီးတလျှောက်မှာ မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နဲ့ နန်းမြို့သူမဏ္ဍာပ်ကလွဲလို့ တခြားမဏ္ဍပ် ဆောက်လုပ်ခွင့်မပြု။ အဓိကကတော့ ရေကစားချင်တဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ၊ ပရဟိတ အသင်းအဖွဲ့တွေ၊ လူမှုရေး အသင်းအဖွဲ့တွေနဲ့ သွားရင်းလာရင်း ရေပက်ကစားချင်ကြသူတွေအတွက် စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်စရာဖြစ်အောင် စနစ်တကျ စီစဉ်ထားတဲ့ လမ်းလျှောက်သင်္ကြန်လေးအဖြစ် ပုံဖော်မယ့် အစီအစဉ်ပေါ့။ ကြားရတာနဲ့တင်  ရင်ခုန်ပါတယ်။ အရင်နှစ်တွေကဆို ၂၆ လမ်းမကြီးမှာ မဏ္ဍပ်တွေ အလုအယက်၊ အပြိုင်အဆိုင်တွေမို့ ကားတွေကြပ်၊ လူတွေညပ်ပြီး လမ်းလျှောက်လည်ပတ်ဖို့ ဘယ်လိုမှ အဆင်မပြေ။ ကားတွေဝင်လိုက်ပြီဆိုတာနဲ့ ပြန်ထွက်လို့ မရကြလို့ မဏ္ဍပ်တခုတည်းမှာပဲ အချိန်တွေကုန်ပြီး စိတ်ညစ်ရတဲ့အဖြစ်မျိုး။ သင်္ကြန်နားနီးလာပြီဆိုတာနဲ့ မဏ္ဍပ်တွေမှာ ရေပက်ကစားကြဖို့ လက်ကမ်းစာစောင်တွေဘာတွေက လမ်းမပေါ်တွေထိ တက်ပြီး ဝေကြလို့ စိတ်ညစ်ရတာလည်း အမော။ ရေပက်ကစားဖို့ ဖိတ်ခေါ်တယ်ဆိုတာ အလကားတော့မဟုတ်၊ လူတယောက်ကို လေးငါးသောင်းပေးရတာမျိုး။ ငွေပေးပြီး ရေမပက်ချင်လို့ မဏ္ဍပ်ရှေ့မှာ ရပ်ကြည့်ပြန်တော့လည်း စင်ပေါ်ကနေ မတော်တရော် အဝတ်အစားနဲ့၊ ဘာအကမှန်းမသိတဲ့ အော့အန်ချင်တဲ့ အက၊ ကျားလားမလား မကွဲပြား၊ မူးမူးရူးရူး ယိမ်းယိမ်းယိုင်ယိုင်တွေက တမျိုးမို့ ကြည့်ရသူတွေမှာလည်း မသက်သာလှ။ ယမကာသင်္ကြန်ကို ငွေကုန်ခံ ကျင်းပနေကြတာမျိုး ခံစားသိ ဖြစ်နေခဲ့တာ။ သင်္ကြန်မှာ နိုင်ငံခြား ခရီးသွားဧည့်သည်တွေပါ ပါဝင်ဆင်နွှဲနိုင်ဖို့အတွက်ကိုလည်း ၂၆ လမ်းနဲ့ ၆၆ လမ်းထိပ်မှာ ရေကစားမဏ္ဍပ်လေးတွေ ရှိမယ်၊ အတူပါဝင် ရေကစားနိုင်ဖို့။ စားသေက်ဆိုင် အသေးစားလေးတွေ ရှိမယ်၊ အမှတ်ရပစ္စည်းရောင်းတဲ့ ဆိုင်လေးတွေ ရှိမယ်၊ လမ်းလျှောက်လှည့်လည်ကြမယ့်သူတွေအတွက်လည်း ရေပက်ကစားလို့ရအောင် ၂၆ လမ်းတလျှောက် အပြတိုင်းမှာ သတ္တုရေကန်တွေ ထားပေးဖို့ စီစဉ်နေကြပြီလို့လည်း သိရတယ်။ ဒီလိုအစီအစဉ်လေးတွေ ရှိတော့လည်း အရွယ်မရွေး သင်္ကြန်မှာ ပါဝင်သွားနိုင်တာပေါ့။ မဏ္ဍပ်တွေပေါ်က ဒိုးဒိုးဒန့်ဒန့်အသံတွေ မကြားရပေမယ့် မြန်မာသံ မြူးမြူးကြွကြွလေးတွေနဲ့ ဧည့်ခံဖျော်ဖြေမယ်ဆိုလို့ ချမ်းတုန်နေသူတွေ အကြိုက်တွေ့နိုင်မလား။ သင်္ကြန်ရေပက်ခံကားတွေ အများစုက ရေပက်ခံနားတဲ့ နေ့လယ်ခင်း အချိန်တွေမှာ ဦးပိန်တံတားလို နေရာမျိုးကို အများဆုံး သွားရောက်နားနေကြတယ်။ ဒါကြောင့်လည်း ဦးပိန်တံတားကို အကြီးစားပြုပြင်မှုတွေ ထပ်တိုး လုပ်ဆောင်နေကြတယ်ဆိုတာ သတင်းမှာ တွေ့လိုက်ရတယ်။ မနောရမ္မန်ဥယျာဉ်မှာလည်း နားနေနိုင်ဖို့နဲ့ ရေပက်ကစားနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်ဆိုတော့ နားစရာ လည်စရာ အသစ်ထပ်တိုးတာမို့ ထူးခြားသွားတာပေါ့။ သေချာတာတခုကတော့ ဒီနှစ်သင်္ကြန်မှာ မလိုအပ်ဘဲ ရေတွေအများကြီး ဖြုန်းတီးပစ်တာမျိုး မရှိတော့ဘူး။ မလိုအပ်လည်း ပြည်သူ့ဘဏ္ဍာငွေတွေ မသုံးစွဲတော့ဘူး။ အရင်နှစ်တွေကဆိုရင် သင်္ကြန်ဖွင့်ပွဲနေ့အတွက် မိုးပျံပူဖောင်းလွှတ်တာ၊ မီးရှူးမီးပန်းဖောက်တာ၊ အဆိုတော်တွေ ငှားရမ်းခ၊ အားလုံးစုပေါင်းလိုက်တော့ သိန်း ၂၀၀၀ လောက် ကုန်ကျသတဲ့။ ဒီနှစ်မှာတော့ ဒီအစီအစဉ်တွေ မပါတော့ဘူး။ အဲတော့ သိန်း ၂၀၀၀ လောက်လည်း မကုန်ကျတော့ဘူးပေါ့။ ၂၀၁၇ ရဲ့ မန္တလေးသင်္ကြန်ကတော့ ထူးခြားမှုတွေကို သယ်ဆောင်လာပြီလို့ ပြောလို့ရပါတယ်။ ရေပက်ခံကားတွေကလည်း ရေပက်နားချိန်မှာ ၂၆ လမ်း လမ်းလျှောက်သင်္ကြန်မှာ လမ်းလျှောက်ကြရင်း၊ အနားယူကြရင်းနဲ့ စည်ကားသိုက်မြိုက်နေဦးမှာပဲလို့ တွေးလိုက်မိပါတယ်။ လမ်းလျှောက်သင်္ကြန်ရယ်၊ ညဘက် စိန်ဒူးဝါးဆိုင်း အပါအဝင် အခြားဆိုင်းပညာရှင်တွေရဲ့ လက်စွမ်းပြ ဖျော်ဖြေမှုတွေရယ်၊ လူရွှင်တော်ကြီးတွေရဲ့ ဟဒယရွှင်ဆေးရယ်၊ မြို့မရဲ့ သီချင်းအသစ် ၁၇ ပုဒ်ရယ်၊ ယိမ်းအကတွေရယ်၊ ဇော်ဝင်းထွဋ်ရဲ့ ဖျော်ဖြေမှုရယ်နဲ့ မန်းသင်္ကြန်က လူတွေရဲ့စိတ်ကို စွဲဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရပေဦးတော့မယ်။ ဒီနှစ်တော့ လမ်းလျှောက်သင်္ကြန်မှာ ကိုယ်တွေလည်း လမ်းလျှောက်ရင်း  မန္တလေးသင်္ကြန် အရသာကို ခံစားကြည့်လိုက်ပါဦးမယ်။ သင်းသင်းသော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024