မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားနှင့်မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းမိ
DVB
·
April 12, 2017
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ဧပြီ ၁၁ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ လောက်နဲ့ အခြား မူးယစ်ဆေးဝါး အမြောက်အမြားကို ဖမ်းဆီးရမိခဲ့ပါတယ်။
မူးယစ်ဆေးဝါးတွေ ရောင်းဝယ် သုံးစွဲနေကြောင်း သတင်းအရ မြိတ်ခရိုင် မှုခင်းအကူတပ်ဖွဲ့ဝင်တွေ၊ မြိတ်မြို့နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့ဟာ မြိတ်မြို့နယ်၊ ကန်ဘောင်ရိုးရပ်ကွက် သီတာလမ်းနေ ဦးကောင်းမြတ်ရဲ့ နေအိမ်အတွင်း ၀င်ရောက် ရှာဖွေရာ ဆေးခြောက် အထုပ်တွေနဲ့အတူ wy စာတန်းပါ စိတ်ကြွဆေးပြားတွေကို ဖမ်းဆီးမိခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းက သိရပါတယ်။
မူးယစ်ဆေး သုံးစွဲသူ ဦးကောင်းမြတ်အား စစ်ဆေးမေးမြန်းရာ မြိတ်မြို့၊ ပါရမီ (၂) ရပ်ကွက်နေ ဦးစိုးနိုင်ထံဆီ ၀ယ်ယူခဲ့ကြောင်း သိရလို့ သွားရောက်စစ်ဆေးဖမ်းဆီးရာ နေအိမ်အတွင်းမှ wy စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၉၂၀ ပြားကို ရှာဖွေ ဖမ်းဆီးရမိခဲ့ပြီး၊ ဘိန်းစာမှုန့်တွေနဲ့ အခြား မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးများကို ရောင်း/ချ သုံးစွဲသူ နှစ်ဦးကို မြိတ်မြို့ရဲစခန်းက မူး/ စိတ်ပုဒ်မ ၁၅/ ၁၆ (ဂ)/၂၁၊ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ဇော်ဇော် (မြိတ်)