မာလာလာကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးသံတမန်အဖြစ် ခန့်အပ်

ဓာတ်ပုံ - ရိုက်တာ
568
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မိန်းကလေးပညာရေး တက်ကြွလှုပ်ရှားသူ မာလာလာကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးသံတမန်အဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဧပြီ ၁၀ ရက်မှာ ရွေးချယ်ခန့်အပ်လိုက်ပါတယ်။
အသက် ၁၉ နှစ်အရွယ် မာလာလာဟာ ပါကစ္စတန်နိုင်ငံကဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ပညာဆက်လက်သင်ကြားဖို့ ကြိုးစားနေတာပါ။
နယူးယောက်မြို့မှာ ကျင်းပတဲ့ ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားမှာ မိန်းကလေးပညာရေးအတွက် ဆက်လက်ကြိုးပမ်း အားထုတ်သွားမယ်လို့ ဆိုပါတယ်။
မာလာလာဟာ ၂၀၁၂ ခုနှစ်က ပါကစ္စတန် မိန်းကလေးတွေရဲ့ ပညာရေးကို မြှင့်တင်ဖို့ကြိုးစားရင်း တာလီဘန်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်ခံရလို့ အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့တာပါ။
“မိန်းကလေးတွေရဲ့ ပညာရေးအတွက် မိန်းကလေးတွေပဲ ဆောင်ရွက်ကြရမယ်။ ဘယ်သူ့ကိုမှ စောင့်ရမှာမဟုတ်ဘဲ အခုပဲ လုပ်ဆောင်ရမှာဖြစ်တယ်” လို့ မာလာလာက ပြောဆိုပါတယ်။
မာလာလာဟာ ကမ္ဘာ့အရေးကြီးဆုံး လုပ်ငန်းစဉ်တခုဖြစ်တဲ့ “အားလုံးအတွက်ပညာရေး” ရဲ့ ပြရုပ်လို့လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူထဲရက်စ်က ဖော်ညွှန်းခဲ့ပါတယ်။
မာလာလာကို ထိပ်တန်း ဗြိတိန်တက္ကသိုလ်ကြီးတခုက နိုင်ငံရေးပညာ၊ ဒဿနိကဗေဒပညာနဲ့ စီးပွားရေးပညာတွေ သင်ကြားဖို့ ပြီးခဲ့တဲ့လမှာပဲ ကမ်းလှမ်းခဲ့ပြီး ဘယ်တက္ကသိုလ်က ကမ်းလှမ်းတယ် ဆိုတာကိုတော့ မာလာလာက အတည်ပြုပြောကြားခြင်း မရှိသေးပါဘူး။
မကြာခင်ကတော့ အောက်စဖို့ကောလိပ်တခုနဲ့ လူတွေ့မေးမြန်းမှု လုပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုဖူးပါတယ်။
မာလာလာဟာ အသက် ၁၇ နှစ်အရွယ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ခံခဲ့ရလို့ အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဖြစ်ပြီး အခုတခါလည်း အသက်အငယ်ဆုံး ကုလသမဂ္ဂ ငြိမ်းချမ်းရေးသံတမန် ဖြစ်လာတာပါ။
အခုလို ကုလသမဂ္ဂ ငြိမ်းချမ်းရေးသံတမန်အဖြစ် လက်ဝှေ့အကျော်အမော် မိုဟာမက်အလီ၊ ရုပ်ရှင်မင်းသားတွေဖြစ်တဲ့ ဂျော့ခ်ျကလူနီ၊ မိုက်ကယ်ဒေါက်ကလပ်စ်၊ လီယိုနာဒို ဒီကာပရီယိုနဲ့ အမေရိကန်အဆိုကျော် စတီဗီဝမ်ဒါတို့လည်း အရင်က ရွေးချယ်ခံခဲ့ကြရဖူးပါတယ်။